
AB News – ဇူလိုင် ၁၉၊ ၂၀၂၅
စစ်ကောင်စီ၏အာဏာသိမ်းမှု ၅ နှစ်ကာလအတွင်း နွေဦးတော်လှန်ရေးကာလ ဒီမိုကရေစီလှုပ်ရှားသူများနှင့် ပြည်သူ ၇ ထောင်နီးပါးသေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဥ်းသားစောင့်ရှောက်ရေးအဖွဲ့ (AAPP) မှ ယမန်နေ့ တွင် ထုတ်ပြန်လိုက်သည်။
အဆိုပါသေဆုံးသူများသည် စစ်ကောင်စီ၏မတရားအာဏာသိမ်းမှု ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စပြီး ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၈ နေ့အတွင်း မတရားသတ်ဖြတ်ခံရသည့် ပြည်သူများဖြစ်ကြောင်း သိရသည်။
မတရားအာဏာသိမ်းမှုဖြစ်စဉ်အတွင်း ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၄၀၅) ဦးရှိပြီး ထိုအထဲမှ (၂၂၁၈၄) ဦးမှာ ထိန်းသိမ်းခံထားရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀၈၈၄) ဦးကို စစ်ကောင်စီမှ ထောင်ဒဏ် ချမှတ်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မကွေးတိုင်းတွင် ပြီးခဲ့သည့် ဇူလိုင် ၁ ရက်နေ့မှ ၁၈ ရက်အတွင်း စစ်ကောင်စီ၏ လုပ်ရပ်များကြောင့် စုစုပေါင်း ပြည်သူ ၁၄၃ ဦးသေဆုံးခဲ့ပြီး သေဆုံးသူများထဲတွင် အသက်မပြည့်သည့် ကလေးငယ် ၂၃ ဦး ပါဝင်ကြောင်း သိရသည်။
သေဆုံးသူစုစုပေါင်း ၁၄၃ ဦး အနက်ထဲမှ စစ်ကောင်စီ၏လေကြောင်းပစ်ခတ်မှုများကြောင့် (၇၅) ဦး နှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့်များကြောင့် ၂၀ ဦးသေဆုံးခဲ့ကြောင်း AAPP မှ ပြောဆိုထားသည်။
စစ်ကောင်စီ၏ မကွေးတိုင်း၊ ရေစကြိုမြို့ အခြေစိုက်အမှတ် ၂၅၈ ခြေလျင်တပ်ရင်းမှ လက်နက်ကြီးဖြင့် ကမ္ဘဲ့ကျေးရွာအတွင်းသို့ ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် မောင်ရှင်းလင်းကို နှင့် CDM ကျောင်းဆရာမ မနွေဦးမေတို့ ကျည်စထိမှန်၍ သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။
ထိုပစ်ခတ်မှုအတွင်း လက်နက်ကြီးပေါက်ကွဲမှုကြောင့် ပြင်းထန်ဒဏ်ရာရရှိခဲ့သည့် မသဇင်ဝေမှာလည်း ဆေးကုသမှုခံယူနေစဉ် ဇူလိုင်လ ၁၆ ရက်နေ့တွင် သေဆုံးခဲ့ကြောင်း AAPP က ဆိုသည်။