
AB News – ဇူလိုင် ၁၁၊ ၂၀၂၅
ချန်ဒြာ
၂၀၂၅ ခုနှစ် ဧပြီလ ၆ ရက်နေ့တွင် မင်းပြားမြို့နယ် ဖားပျော်(ရက္ခိုင်)ကျေးရွာတွင် အသက် ၉ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး အဓမ္မပြုကျင့်ခံခဲ့ရပြီး လည်ပင်းကြိုးကွင်းစွပ်ကာ ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရသည်။
ထိုအမှုတွင် ကျူးလွန်သူဟု သံသယရှိသည့် သံသယတရားခံ ၈ ဦးအား DLEPS အဖွဲ့က ဖမ်းဆီးပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ သက်ဆိုင်ရာတရားရုံးတွင် တရားစွဲတင်ထားပြီးဖြစ်ကြောင်း အာရက္ခတပ်တော်၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက AB News သို့ ဇူလိုင်လ ၁၀ ရက်နေ့က ပြောသည်။
အာရက္ခတပ်တော် AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ” ဒီအမှုမှာ ပါဝင်ပတ်သက်နေတဲ့ တရားခံ ၈ ယောက်လုံးကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးဌာနက ဖမ်းဆီးထိန်းသိမ်းထားပြီး အခုဆိုရင် တရားရုံးမှာ တရားစွဲတင်ထားပြီးဖြစ်ပါတယ် ။ တရားစွဲတင်ပြီးတေ့ာ တရားရုံးလုပ်ထုံးလုပ်နည်းအတိုင်း အမှုကို ဆက်လက်ပြီး စစ်ဆေးနေတာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ဤအမှုတွင် ကျူးလွန်သူ သံသယတရားခံ ၈ ဦးကို အာရက္ခပြည်သူတော်လှန်ရေးအစိုးရ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဌာန DLEPS က ဖမ်းဆီးရရှိထားပြီးဖြစ်ကြောင်း အာရက္ခတပ်တော် ပြောခွင့်ရ ဦးခိုင်သုခက ဇွန်လ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
သို့သော်လည်း နစ်နာသူ၏မိခင်ဖြစ်သူဒေါ်ဆန်းအေးကြည်က တရားခံမှာ မြေပုံမြို့နယ် ငမန်းရဲကျွန်းမှ ဖားပျော်ကျေးရွာတွင် လာရောက်နေထိုင်နေသူ အသက် ၄၅ နှစ်ခန့်အရွယ် မောင်မြသန်းသာ ဖြစ်ကြောင်း AB News ၏ အင်တာဗျူးတွင် ဖြေဆိုထားသည်။
အဆိုပါမိန်းကလေး ညဖက် အိမ်သာသွားစဉ် ရွာနှင့် ၁ မိုင်ခန့်ဝေးသည့် တောစပ်သို့ ဖမ်းဆီးသွားပြီး အဓမ္မပြုကျင့်သတ်ဖြတ်ကာ အလောင်းကို သစ်ပင်တွင်ကြိုးဖြင့် တွဲလောင်းချ ချည်နှောင်ထားခဲ့သည်။ ၎င်း၏ရုပ်အလောင်းကိုတွေ့ချိန်မှာ ဦးခေါင်း ၊ မျက်နှာ နှင့် ဝမ်းဗိုက်တို့တွင် ထိုးနှက် နှိပ်စက်ထားသည့် ဒဏ်ရာများတွေ့ရှိရသည်ဟု မျက်မြင်သက်သေ ရွာသားများက ပြောသည်။
ယခုအမှုနှင့်ပတ်သက်၍ ဥပဒေနှင့်အညီ အကြီးမားဆုံးပြစ်ဒဏ်ချမှတ်ပေးရန် ရက္ခိုင်အရပ်ဖက် အဖွဲ့အစည်း ၁၁ ဖွဲ့ကလည်း မေ ၁၁ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်တောင်းဆိုခဲ့သည်။
ဤအမှုကို သက်ဆိုင်ရာတာဝန်ရှိသည့် ပုဂ္ဂိုလ်များအနေဖြင့် မျှတစွာ စစ်ဆေးပေးရန်နှင့် ထိုက်တန်သည့် ပြစ်ဒဏ်များကို ပေးရန် ရက္ခိုင်အမျိုးသမီး ၁ ဦးက AB News သို့ပြောသည်။
“ပြစ်မှုတိုင်းတွက် မျှတတဲ့ ပြစ်ဒဏ်ကိုပေးစေချင်တယ်။ အခုအမှုက လူ့အသိုင်းအဝိုင်းတခုလုံးကို တော်တော်လည်း ထိတ်လန့်မှုဖြစ်စေခဲ့တယ်။ မိန်းကလေးက အသက် ၉ နှစ်ပဲရှိသေးတယ်။ လူ့ဘဝရဲ့အတွေ့အကြုံကို ဘာဆိုဘာမှ မခံစားခဲ့ရဘူး။ ဒီအမှုကို တရားနည်းလမ်းကျကျဆုံးဖြတ်ပေးဖို့ တာဝန်ရှိသူတွေကို တောင်းဆိုပါတယ်” ဟု ဆိုသည်။
ထို့အပြင် မုဒိမ်းကျင့် သတ်ဖြတ်ခံခဲ့ရသည့် မိန်းကလေးငယ်၏ မိခင်ဖြစ်သူကလည်း ကျူးလွန်သူ တရားခံအား ၎င်း၏ မျက်မှောက်တွင် သေဒဏ်ပေးသည်ကို အလိုရှိကြောင်း AB News နှင့် သီးသန့် တွေ့ဆုံ အင်တာဗျူးတွင် ပြောဆိုထားသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ မေလ ၂၉ ရက်နေ့ ညနေပိုင်းအချိန်မြေပုံမြို့နယ်တွင် အမျိုးသမီး ၁ ဦးအား အဓမ္မပြုကျင့်ရန် ကြိုးပမ်းခဲ့သည့်အမှုတွင် တရားခံအား ပြန်လည်ဖမ်းဆီးထားပြီး အာမခံပေးကာ လွှတ်ပေးခဲ့သည့် တရားသူကြီးကိုလည်း ခေါ်ယူ စစ်ဆေးနေကြောင်းသိရသည်။