AB News – မတ် ၁၃ ၊ ၂၀၂၅
ရက္ခိုင်ပြည် ၊ ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်တောင်တိုက်နယ် ၊ ကြတ္တိန်အောက်ကျေးရွာ ဘုန်းတော်ကြီးကျောင်းကို အကြမ်းဖက် စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့သည့်အတွက် သာသနိကအဆောက်အဦး ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။
ယမန်နေ့ ၊ မတ်လ ၁၂ ရက်နေ့ ၊ နေ့လည် ၁၂ နာရီခွဲအချိန်တွင် ဒရုန်းဖြင့် ၂ လုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၁ လုံးမှာ ဘုန်းကြီးကျောင်း မုခ်ဝအနီးတွင် ကျရောက် ပေါက်ကွဲခဲ့ပြီး ကျန် ၁ လုံးမှာ ဓမ္မာရုံ အလည်တည့်တည့်၌ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံအမျိုးသမီး ၁ ဦးက AB News သို့ပြောသည်။
” မနေ့က နေ့လည်လောက်မှာ ဒရုန်းနဲ့ ဗုံးကြဲသွားတာပါ။ ဘုန်းကြီးကျောင်း မုခ်ဝမှာ ၁ လုံးနဲ့ ဓမ္မာရုံအလည် တည့်တည့်မှာ ၁ လုံးကျရောက်ပေါက်ကွဲခဲ့ပါတယ် ” ဟု ဆိုသည်။
ထိုဗုံးသီးပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းရှိ ဓမ္မာရုံမှာ ပျက်စီးသွားပြီး ၊ ကျောင်းနံရံတွင် ကပ်ထားသည့် ရောင်စုံမှန်အချပ် ၂၀ ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။
အလားတူ မတ်လ ၇ ရက်နေ့ နေ့လည် ၁နာရီ ၄၆ မိနစ်က အကြမ်းဖက်စစ်ကောင်စီမှ ကြတ္တိန်အောက်ကျေးရွာအား ဂျက်ဖိုက်တာဖြင့် ဗုံး၂လုံးကြဲချတိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် ပြည်သူပိုင်နေအိမ် ၃၅ ဆောင်ထက်မနည်း မီးလောင်ပျက်စီးသွားခဲ့ရသည်။