
AB News – ဒီဇင်ဘာ ၂၃၊ ၂၀၂၄
ရက္ခိုင်-ဘင်္ဂလာနယ်စပ်ကို ပြန်လည်ထိန်းချုပ်ရန် ကြိုးစားနေသေးကြောင်း စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၉ရက်နေ့တွင် ထိုင်းနိုင်ငံ၌ ကျင်းပသည့် ဆွေးနွေးပွဲတွင် ပြောဆိုခဲ့သည်။
“နယ်စပ်က မင်းတို့ရဲ့ ထိန်းချုပ်မှုအောက်မှ မရှိတော့ဘူး။ အခု အာရက္ခတပ်တော်လို အစိုးရမဟုတ်တဲ့ အင်အားစုတွေက ချုပ်ကိုင်ထားတယ်။ နိုင်ငံတစ်ခုအနေနဲ့ သူတို့နဲ့ ထိတွေ့ဆက်ဆံလို့ မရဘူး။ မြန်မာနိုင်ငံဟာ ရက္ခိုင်နယ်စပ်နဲ့ ပတ်သတ်တဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ နည်းလမ်းရှာရမယ်”လို့ ဘင်္ဂလားဒေ့ချ် နိုင်ငံခြားရေးဝန်ကြီး Md Touhid Hossain က ထိုင်းနိုင်ငံ၌ ကျင်းပသည့် ဆွေးနွေးတွင် ပြောဆိုပြီးနောက် မြန်မာနိုင်ငံခြားရေးဝန်ကြီးက ထိုသို့ တုန့်ပြန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“အဆိုပါ ကိစ္စရပ်ကိုဖြေရှင်းဖို့ရာ နယ်စပ်ကို ထိန်းချုပ်ဖို့ မြန်မာဘက်က ကြိုးပမ်းနေတယ်” လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးအကြံပေးကို တုန်ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီသည် မောင်တောမြို့နယ် ကျောက်ပန္ဒူကမ်းခြေအနီး ပင်လယ်ပြင်တွင် အထိုင်ချကာ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိနေပြီး ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၇ ရက်နေ့က ရွှေဇားရပ်ကွက်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ နေအိမ် ၂၀ ကျော်ထက်မနည်း မီးလောင်ပြာကျသွားခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsar က သဘာပတိအဖြစ် ထိုင်းနိုင်ငံတွင် ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၊ လာအိုနိုင်ငံခြားရေးဝန်ကြီး Saleumxay Kommasith၊ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး Vikram Misri နှင့် တရုတ်နိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Ma Zhaoxu တို့ ပါဝင်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ရက္ခိုင်ပြည်ရှိ မြို့နယ် ၁၇ ခုအနက် ၁၃ မြို့နယ်ဖြစ်သည့် ပေါက်တောမြို့၊ မင်းပြားမြို့၊ မြောက်ဦးမြို့၊ ကျောက်တော်မြို့၊ မြေပုံမြို့၊ ပုဏ္ဏားကျွန်းမြို့၊ ရမ်းဗြဲမြို့၊ ရသေ့တောင်မြို့၊ ဘူးသီးတောင်မြို့၊ သံတွဲမြို့၊ တောင်ကုတ်မြို့ နှင့် မောင်တောမြို့နှင့် အမ်းမြို့တို့ကို အာရက္ခတပ်တော်က အလုံးစုံ ထိန်းချုပ်ထားပြီး ဖြစ်သည်။
ရက္ခိုင်ပြည်အတွင်း ကျန်ရှိနေသေးသည့် မာန်အောင်မြို့၊ ကျောက်ဖြူမြို့နှင့် စစ်တွေမြို့ တို့ကိုလည်း ဝန်းရံပိတ်ဆို့ထားပြီး ဧရာဝတီနှင့် နယ်စပ်မြို့ဖြစ်သည့် ဂွမြို့နယ်ကို အာရက္ခတပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။
ထိုင်းနိုင်ငံ၌ ကျင်းပသည့် ညှိနှိုင်းဆွေးနွေးပွဲတွင် စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ပြောဆိုချက်မှာ မဖြစ်နိုင်သည်ကို ချဲ့ကားပြောဆိုခြင်းသာ ဖြစ်ကြောင်း ရက္ခိုင့်စစ်ရေးလေ့လာသုံးသပ်သူ တစ်ဦးက AB News သို့ ပြောဆိုသည်။
” ရက္ခိုင်- ဘင်္ဂလာနယ်စပ်မှာ စစ်ကောင်စီဟာ အရေးနိမ့်ခဲ့ပါပြီ။ သူတို့ တပ်စခန်းတွေကို အာရက္ခတပ်တော်က အပြီးသတ် သိမ်းလိုက်ပြီး ဖြစ်ပါတယ်။ နိုင်ငံတစ်ဝှမ်းမှာ အရှုံးနဲ့ ရင်ဆိုင်နေတဲ့ စစ်ကောင်စီဟာ နယ်စပ်ကို ထိန်းချုပ်ဖို့ဆိုတာ ချဲ့ကားပြီး ပြောဆိုခြင်းသာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ရက္ခိုင်-ဘင်္ဂလာနယ်စပ်ပြဿနာဖြေရှင်းရန် မြန်မာနိုင်ငံကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အကြံပေး Md Touhid Hossain က ဆွေးနွေးပွဲတွင် တိုက်တွန်းပြောဆိုခဲ့သည်။