သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီနှင့် ALP အဖွဲ့ဝင်များက စစ်တွေမြို့ ၊ ရွာကြီးမြောက်ရပ်ကွက်မှ ပြည်သူအားလုံးကို လမ်းမကြီးတွင် စုထိုင်ခိုင်းထားခဲ့၊ ဗျိုင်းဖြူရွာဖြစ်စဥ်မျိုး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမည်ကို ပြည်သူများစိုးရိမ်
ဓာတ်ပုံ-၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ရိုက်ထားသည့် စစ်တွေမြို့ လမ်းမကြီး/ထွန်းသာ

AB News-စက်တင်ဘာ ၃၊ ၂၀၂၄

ရက္ခိုင်ပြည် စစ်တွေမြို့၊ ရွာကြီးမြောက်ရပ်ကွက်မှ ပြည်သူများအားလုံးကို နေအိမ်များမှ ခေါ်ချကာ လမ်းမကြီးပေါ်တွင် စုကာ ထိုင်းခိုင်းထားခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့ စက်တာဘာ ၂ ရက်နေ့ နေ့ခင်း ၁၂ နာရီ ၄၀ မိနစ်ခန့်က ရွာကြီးမြောက်ရပ်ကွက်မှ ပြည်သူများ အားလုံးကို လမ်းမကြီးပေါ်တွင် စုထိုင်ခိုင်းထားခဲ့ကာ အမျိုးသား အသက်ကြီး/ငယ် ၅၀ ခန့်ကို ဖမ်းဆီးထားခဲ့ကြောင်း အမည်မဖော်လိုသည့် ခိုင်လုံသတင်းရင်းမြစ်က AB News သို့ပြောသည်။

“စစ်ကောင်စီတပ်နှင့် ALP အဖွဲ့ဝင် ၁၅၀ ကျော်လောက်ရှိမယ်။ မနေ့က နေ့ခင်း ၁၂ နာရီကျော် ၄၀ မိနစ်ဝန်းကျင်လောက်မှာ ရွာကြီးမြောက် ရပ်ကွက်မှာ ရှိတဲ့ ပြည်သူတွေအားလုံးကို လမ်းမပေါ်သို့ ထွက်ခိုင်းပြီး စုထိုင်ခိုင်းထားခဲ့ပါတယ်။ ပြီးတော့ အသက်ကြီး ငယ် အမျိုးသားတွေ ၅၀ လောက်ကို ဖမ်းထားခဲ့တာဖြစ်ခဲ့ပါတယ်။” ဟုပြောသည်။

စစ်တွေမြို့ထဲရှိ ပြည်သူများမှာ ဗျိုင်းဖြူရွာဖြစ်စဥ်ကဲ့သို့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုမျိုး ဖြစ်လာမည်ကို ကြောက်နေကြကြောင်း နောက်ထပ် သတင်းရင်းမြစ် တစ်ဦးက AB News သို့ပြောသည်။

“မနေ့ကအဖြစ်အပျက်က ကျနော်တို့ကို အရမ်းကို တုန်လှုပ်သွားစေပါတယ်။ နောက်ထပ်တဖန် ဗျိုင်းဖြူရွာဖြစ်စဥ်မျိုး ဖြစ်တော့မလားလို့ အရမ်းကြောက်သွားကြပါတယ်။ လက်ရှိမှာက ကျနော်တို့ဟာ သူတို့ လက်ခုတ်ထဲက ရေလို ဖြစ်နေတာပါ။ ကျနော်တို့တွေ ဘယ်မှလည်း ထွက်သွားလို့မရဘူး။ အကုန်လုံးပိတ်ထားတယ်။ ထွက်သွားရင် သေဖို့ပဲရှိတဲ့အခြေအနေပါ။” ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်မှာ ဘတ္ထရီအိုး ၂ လုံးပျောက်သွားသည့်အတွက် ရွာကြီးမြောက်ရပ်ကွက်မှ ပြည်သူများအားလုံးကို လမ်းမပေါ်သို့ ခေါ်ချကာ အမျိုးသား ၅၀ ဦးခန့်ကို ဖမ်းဆီးထားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်၍ ပြောသည်။

လက်ရှိတွင် ပြည်သူများ အားလုံးကို ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။ နောက်ဆက်တွဲ သတင်းများကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပြီး ထူးခြားမှုများအား ဆက်လက် သတင်းတင်ပေးသွားမည်ဖြစ်သည်။

ယခုကိစ္စနှင့်ပတ်သက်၍ စစ်ကောင်စီပြောခွင့်ရ ဦးလှသိန်းနှင့် နယ်လုံတို့အား AB News ကဆက်သွယ်ရရှိနိုင်ရန် ကြိုးစားလျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ