ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ မေလ ၂၃ရက် နံနက် ၈နာရီ၊ ၂၀မိနစ်ခန့် အချိန်၌ စစ်ကောင်စီအဖွဲ့ ထောင်ထားသည့် မိုင်းနင်းမိပြီး ဒေသခံအမျိုးသားတစ်ဦး ခြေတစ်ဖက်ပြတ်ထွက်သွားကာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက အတည်ပြုပြောဆိုသည်။
မိုင်းနင်းမိပြီး ခြေတစ်ဖက်ဆုံးရှုံးခဲ့သူမှာ ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်၊ ကုလားဘာကျေးရွာမှ ဦးစောသာထွန်း၏သား ဦးထွန်းဝင်း ၅၆နှစ်ဖြစ်သည်။
ယနေ့ နံနက် ၈နာရီ၊ ၂၀မိနစ်ခန့်အချိန်တွင် စစ်ကောင်စီအဖွဲ့ထောင်ထားသည့် မိုင်းနင်းမိပြီး ဒေသခံအမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ကုလားဘာကျေးရွာသား တစ်ဦးက AB News သို့ ပြောသည်။
” ဒီနေ့ မနက် ၈နာရီကျော်အချိန်က ဦးထွန်းဝင်းဟာ ကုလားဘာရွာရဲ့ အနီးပတ်ဝန်းကျင်ကို ကောက်ရိုးသွားယူရာမှာ မိုင်းနင်းမိခဲ့တာပါ။ သူရဲ့ ညာခြေတစ်ဖက် ပြတ်ထွက်သွားခဲ့တယ်” ဟု ဆိုသည်။
လက်ရှိတွင် ကျောက်ဖြူနယ်မှ မိုင်းနင်းဒဏ်ရာရရှိခဲ့သူမှာ အရေးပေါ်ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ရက်၊ နေ့လည် ၂နာရီခွဲအချိန်တွင် ကျောက်ဖြူမြို့နယ်၊ ပြိုင်းစေ့ကေရွာမှ ရွာသား ၁ဦးသည် စစ်ကောင်စီထောင်ထားသည့် မိုင်းနင်းမိကာ ခြေ ၁ဖက် လုံးဝပြတ်ထွက်သွားခဲ့ရသည်။
အကြမ်းဖက်စစ်ကောင်စီသည် ကျောက်ဖြူမြို့နယ်အတွင်း အရပ်သားပြည်သူများ သွားလာနေကြသည့် နေရာများတွင် မြေမြှုပ်မိုင်းများကို ထောင်ထားသည့်အတွက် ဒေသခံများ၏ အသက်၊ ဘဝများ သေကြေပျက်စီးနေရသည်။