Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်တိုက်ပွဲအတွင်း သေဆုံးဒဏ်ရာရရှိသူ ၆၄၇၊ ဖမ်းဆီးခံရသူ ၄၇၁ဦးနှင့် စစ်ဘေးရှောင်ဦးရေ ၃ သိန်းခွဲကျော်အထိ တိုးလာ

ရက္ခိုင်တိုက်ပွဲအတွင်း သေဆုံးဒဏ်ရာရရှိသူ ၆၄၇၊ ဖမ်းဆီးခံရသူ ၄၇၁ဦးနှင့် စစ်ဘေးရှောင်ဦးရေ ၃ သိန်းခွဲကျော်အထိ တိုးလာ

AB News – ဧပြီ ၄၊ ၂၀၂၄

ရက္ခိုင်တွင် တိုက်ပွဲစတင်ခဲ့သည့် ပြီးခဲ့နှစ် နိုဝင်ဘာလ ၁၃ရက်နေ့မှ ယခုနှစ် မတ်လ ၂၁ ရက်နေ့အထိ ၄လကျော်ကာလအတွင်း အရပ်သား‌သေဆုံးဒဏ်ရာရရှိသူစုစုပေါင်း ၆၄၇ဦး၊ မတရားဖမ်းဆီးခံရသူ ၄၇၁ ဦးနှင့် စစ်ဘေးရှောင်ဦးရေ ၃၅၈၂၀၀ အထိ တိုးလာကြောင်း လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ယနေ့ ဧပြီလ ၄ရက်နေ့တွင် ထုတ်ပြန်သည်။

ရက္ခိုင် ၄ လကျော်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီအဖွဲ့မှ ကြည်း၊ ရေ၊ လေ အသုံးပြုပြီး အကြမ်းဖက်တိုက်ခိုက်မှု များကြောင့် သေဆုံးသူ ၁၇၉ ဦးထဲတွင် ကျား ၁၁၅ဦး၊ မ ၆၄ ဦးတို့ဖြစ်ပြီး အသက် ၁၈နှစ်အောက် ၃၉ဦး အထိ ပါဝင်နေသည်။

ဒဏ်ရာရရှိသူ  ၄၆၈ ဦးထဲတွင် ကျား ၂၇၀ဦးနှင့် မ ၁၉၈ဦး ဖြစ်ပြီး အသက် ၁၈နှစ်အောက်အရွယ် ၁၂၄ဦး အထိ ပါဝင်လျက်ရှိသည်ကို တွေ့ရှိရသည်။

အကြမ်းဖက်စစ်ကောင်စီ၏ မတရားဖမ်းဆီး၊ ထိန်းသိမ်းခံထားရသူ ၄၇၁ ဦးအထိ ရှိပြီး ထိုအထဲမှာ ကျား ၄၂၄ဦးနှင့် မ ၄၇ ဦး ပါဝင်ကြောင်း HDCO က ဖော်ပြထားသည်။

ထို့အပြင် ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ တိုက်ပွဲကာလအတွင်း စစ်ဘေးဒုက္ခသည် ၆၂၃၃၂ ဦးခန့်ရှိပြီး ယခု တစ်ကျော့ပြန်တိုက်ပွဲအတွင်း ၂၉၅၈၆၈ ဦးတိုးလာပြီး ရက္ခိုင်တွင် လက်ရှိစစ်ရှောင်ဒုက္ခသည်ဦးရေ ၃၅၈၂၀၀ ဦးရှိသည်။

ရက္ခိုင်ပြည်ရှိ မြို့ နယ် ၁၇ ခုအနက် ၁၅မြို့နယ်မှ ဒေသခံအရပ်သားပြည်သူများမှာ ဆက်လက်ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နေရပ်မပြန်နိုင်သေးဘဲ ၎င်းတို့၏ ဆွေမျိုးအိမ်များနှင့် စစ်ဘေးလွတ်သည်ဟု ထင်ရသည့်နေရာများတွင် တိမ်းရှောင်နေကြရသည်။

ထွက်ပြေးတိမ်းရှောင်လာသော မြို့နယ်များရှိ အိမ်ထောင်စုနှင့် လူဦးရေ အ‌ရေအတွက်မှာ မြောက်ဦးမှ အိမ်‌ထောင်စု ၉၂၃၈ စု၊ လူဦးရေ ၄၇၃၄၂ ဦး၊ ‌ကျောက်တော်မှ အိမ်‌ထောင်စု ၅၆၁ ၂ စု၊ လူဦးရေ ၂၆၇၀၄ ဦး၊ မင်းပြားမှ အိမ်ထောင်စု ၅၃၂၃ စု၊ လူဦးရေ ၂၆၁၆၁ ဦး၊ မြေပုံမှ အိမ်ထောင်စု ၂၅၅၆ စု၊ လူဦးရေ ၁၆၇၂၅ ဦး၊ ပေါက်တောမှ အိမ်ထောင်စု ၂၃၅၉၆ စု၊ လူဦးရေ ၁၁၉၀၅၃ ဦး၊ ပုဏ္ဏားကျွန်းမှ အိမ်ထောင်စု ၅၈၃၄ စု၊ လူဦးရေ ၃၀၉၈၇ ဦး ဖြစ်သည်။

ထို့အပြင် ရသေ့တောင်မှ အိမ်ထောင်စု ၈၆၀၃ စု၊ လူဦးရေ ၃၈၂၇၂ ဦး၊ ဘူးသီးတောင်မှ အိမ်ထောင်စု ၂၁၇၃ စု၊ လူဦးရေ ၁၁၉၂၅ ဦး၊ မောင်တောမှ အိမ်ထောင်စု ၁၁၉၀ စု၊ လူဦးရေ ၆၆၉၅ ဦး၊ ရမ်းဗြဲမှ အိမ်ထောင်စု ၂၈၄၁ စု၊ လူဦးရေ ၁၃၉၇၉ ဦး၊ တောင်ကုတ်မှ အိမ်ထောင်စု ၃၈၂ စု၊ လူဦးရေ ၁၉၁၃ ဦး၊ ပလက်ဝမှ အိမ်ထောင်စု ၂၁၅၄ စု၊ လူဦးရေ ၉၅၇၈ ဦး၊ ကျောက်ဖြူမှ အိမ်ထောင်စု ၆၁၇ စု၊ ၃၃၂၄ဦး၊ အမ်းမှ အိမ်ထောင်စု ၆၀၅ စု၊ လူဦးရေ ၂၄၅၀ ဦးနှင့် စစ်တွေမြို့မှ အိမ်ထောင်စု ၆၁၂ စု၊ လူဦးရေ ၃၀၉၂ ဦးတို့ဖြစ်သည်။

ရက္ခိုင်ပြည်တွင် စစ်ဘေးဒုက္ခသည် ၄ သိန်းနီးပါးရှိသည့်အနက် စစ်ဘေးဒုက္ခသည် ၃၀ ရာခိုင်နှုန်းခန့်သာ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ရရှိပြီး အခြားစစ်ဘေးရှောင်များမှာ အစား၊ အသောက်များ အရေးပေါ်လိုအပ်နေကြောင်း သိရှိရသည်။

စစ်ဘေးဒုက္ခသည်များမှာ  စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အထောက်အကူပစ္စည်းများ၊ အမိုးအကာ၊ ပြန်လည်တည်ဆောက်ရေး၊ အသက်မွေးကျောင်းဆိုင်ရာ အကူအညီများနှင့် စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေးအတွက် မိုင်းရှင်းလင်းရေးလုပ်ရန် အ‌ရေး‌ပေါ်လိုအပ်နေကြောင်း HDCO က ထုတ်ပြန်သည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ