
AB News – မတ် ၂၆၊ ၂၀၂၆
ရန်ကုန်တိုင်း၊ တာမွေမြို့နယ်နှင့် အခြားမြို့နယ်များတွင် စစ်မှုထမ်းသက်အကျုံးဝင်သည့် အသက် ၁၈ မှ ၃၅ နှစ်ရှိသူတိုင်းအား စစ်မှုထမ်းဆောင်ရန် ကိုယ်ရေးအချက်အလက်များ ဖြည့်ခိုင်းပြီး သတင်းပေးပို့ရန် သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက စေခိုင်းလျက်ရှိကြောင်း သိရှိရသည်။
စစ်ကော်မရှင်တပ်က စစ်မှုထမ်းသက်အကျုံးဝင်သည့် အသက်ရွယ်ရှိသူတိုင်းအား မြေပြင်အခြေအနေနှင့်အညီ လူဦးရေစာရင်း ကောက်ယူနေကာ စစ်မှုထမ်းရန် ခေါ်ဆောင်ထားသည့် လျှောက်လွှာများကို သက်ဆိုင်ရာမြို့နယ်ရှိ ဌာနများသို့ ယခု မတ်လ နောက်ဆုံးထား၍ ပေးပို့ရမည်ဖြစ်ကြောင်း သိရှိရသည်။
စစ်မှုထမ်းအကျုံးဝင်ပြီး ဖောင်ဖြည့်လျှောက်ထားသူများအား မိမိတို့ တာဝန်ထမ်းဆောင်ရမည့် အလှည့်ကို ကျရောက်လာပါက ရှောင်တိမ်းခြင်း၊ ပုန်းအောင်နေခြင်းတို့ပြုလုပ်မှုမရှိစေရန် မိဘများကိုပါ ခံဝန် လက်မှတ်များထိုးခိုင်းကြောင်း သိရှိရသည်။
ယင်းအပြင် ရန်ကုန်တိုင်းက မြို့နယ်အချို့တွင် မြို့နယ်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးကိုယ်တိုင် လူငယ်များကို နေအိမ်များအထိ ဖမ်းဆီးခြင်း၊ ပေါ်တာဆွဲခြင်းများရှိနေကြောင်း သိရှိရသည်။