
AB News – နိုဝင်ဘာ ၂၇၊ ၂၀၂၆
ရက္ခိုင်ပြည်မြောက်ပိုင်း စစ်ဆင်ရေးများအတွင်း မူဆလင်များအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၏ အပြီးသတ်စီရင်ချက်ပါ တောင်းဆိုချက်အချို့ကို လိုက်နာဆောင်ရွက်မည်မဟုတ်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် က တုံ့ပြန်လိုက်သည်။
နိုဝင်ဘာ ၂၅ ရက်က နေပြည်တော်၌ ပြုလုပ်သည့် စစ်ကော်မရှင် အစိုးရအဖွဲ့အစည်းအဝေးတွင် မင်းအောင်လှိုင် က ICJ ၏ ဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံအပေါ် တစ်ဖက်သတ်စွပ်စွဲချက်သာဖြစ်ပြီး နိုင်ငံ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု ပြောဆိုခဲ့ကြောင်း နိုဝင်ဘာ ၂၆ ရက်က စစ်ကော်မရှင်ဝါဒဖြန့် The Global New Light of Myanmar သတင်းစာတွင် ဖော်ပြသည်။
“မြန်မာနိုင်ငံအနေနဲ့ တာဝန်သိနိုင်ငံတစ်ခုအဖြစ် သင့်လျော်တဲ့ လုပ်ဆောင်ချက်တွေကို လုပ်ဆောင်သွားမှာဖြစ်ပေမယ့် မသင့်လျော်ဘူးလို့ ယူဆတဲ့ တောင်းဆိုချက်တွေကိုတော့ လိုက်နာဆောင်ရွက်သွားမှာ မဟုတ်ပါဘူး” ဟု ၎င်းက ပြောသည်။
အလားတူ တရားသူကြီး ၁၅ ဦးအနက် ၆ ဦးက ကန့်ကွက်မဲပေးခဲ့သဖြင့် ICJ ၏ ဆုံးဖြတ်ချက်သည် တညီတညွတ်တည်း မဟုတ်သလို မျှတမှုလည်း မရှိကြောင်း စစ်ကော်မရှင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ခိုင်ခိုင်စိုး က နိုဝင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်ပြောဆိုထားသည်။
စစ်ကော်မရှင်ဘက်က ယခုကဲသို့ ငြင်းဆန်နေသော်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် အင်ဒိုနီးရှားနှင့် စင်ကာပူတို့ကမူ ICJ ၏ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာရန် တိုက်တွန်းလိုက်သည်။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယပြောရေးဆိုခွင့်ရှိသူ Vahd Nabyl A. Mulachela က နိုင်ငံတကာဥပဒေကို လေးစားလိုက်နာရန် အရေးကြီးကြောင်း နိုဝင်ဘာ ၂၆ ရက် ဂျကာတာမြို့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပြီး မူဆလင်များ၏ ဘေးကင်းလုံခြုံရေး၊ ဂုဏ်သိက္ခာနှင့် အခွင့်အရေးများကို ကာကွယ်ပေးရန် တောင်းဆိုခဲ့သည်။
စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း နိုဝင်ဘာ ၂၄ ရက်တွင် တရားရုံးစီရင်ချက်ကို လေးစားကြောင်း ထုတ်ပြန်ထားသည်။
နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့ရှိ ICJ တရားရုံးသည် ၂၀၁၆-၂၀၁၇ ခုနှစ် ရက္ခိုင်ပြည်မြောက်ပိုင်း နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးများအတွင်း မြန်မာစစ်တပ်က လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း နိုဝင်ဘာ ၁၉ ရက်တွင် မဲခွဲဆုံးဖြတ်ကာ အပြီးသတ်စီရင်ချက် ချမှတ်ခဲ့ခြင်းဖြစ်သည်။
ယင်းစီရင်ချက်အရ မြန်မာနိုင်ငံအနေဖြင့် ကျူးလွန်သူများကို စုံစမ်းစစ်ဆေး အရေးယူရန်၊ နစ်နာသူများအား လျော်ကြေးပေးရန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ၇ သိန်းကျော်အား ဘေးကင်းလုံခြုံစွာ နေရပ်ပြန်ခွင့်ပြုရန် အမိန့်ချမှတ်ထားပြီး ၂ နှစ်အတွင်း အစီရင်ခံစာ ပြန်လည်တင်သွင်းရမည် ဖြစ်သည်။
၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား ဂမ်ဘီယာ နိုင်ငံက စတင်တရားစွဲဆိုခဲ့သည့် အဆိုပါအမှု၏ စီရင်ချက်ကို အပြည့်အဝ လိုက်နာရန် ဗြိတိန်၊ ကနေဒါ၊ သြစတြေးလျနှင့် ဥရောပနိုင်ငံများအပါအဝင် နိုင်ငံ ၁၄ နိုင်ငံကလည်း နိုဝင်ဘာ ၂၃ ရက်တွင် ပူးတွဲကြေညာချက် ထုတ်ပြန်တောင်းဆိုထားသည်။