AB News – ဇူလိုင် ၁၃၊ ၂၀၂၆
ရက္ခိုင်ပြည်အတွင်း ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်နေ့မှစတင်ကာ မိုးအဆက်မပြတ် ရွာသွန်းပြီး မြစ်ရေမြင့်တက်လာမှုကြောင့် ကျေးရွာများ ရေကြီးနစ်မြုပ်ခဲ့သည့်အပြင် ဒေသခံများ အဓိကအားထားရသည့် သောက်သုံးရေကန်များပါ ရေဝင်နစ်မြုပ်သွားခဲ့သဖြင့် ပြည်သူများ သောက်သုံးရေများ အရေးပေါ်လိုအပ်လျက်ရှိနေသည်။
မြောက်ဦးမြို့နယ်၊ မောင်နှမကျေးရွာတွင် ရေကြီးမှုဒဏ်ကြောင့် ကျေးရွာရှိ သောက်သုံးရေကန် နှစ်ကန်လုံး ရေနောက်နှင့် ရေဆိုးများ ဝင်ရောက်ကာ နစ်မြုပ်သွားခဲ့သည်။
အဆိုပါကျေးရွာတွင် အိမ်ထောင်စု (၉၀)၊ ကျား/မ စုစုပေါင်း လူဦးရေ (၃၁၁) ဦး ရှိပြီး လက်ရှိတွင် ၎င်းတို့အားလုံးအတွက် သောက်သုံးရေ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သိရသည်။
ရေနစ်မြုပ်သွားသည့် သောက်သုံးရေကန် ၂ ကန်အနက် တစ်ကန်ကို ကျေးရွာသူ/သားများ စုပေါင်း၍ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ရေစုပ်စက်များအသုံးပြုကာ ရေထုတ်ယူ ရှင်းလင်းခဲ့ကြသော်လည်း အဆိုပါ ရေကန်သန့်ရှင်းရေး လုပ်ငန်းစဉ်အတွင်း စက်သုံးဆီနှင့် အထွေထွေကုန်ကျစရိတ်ကြောင့် ငွေကျပ် ၃၀ သိန်းဝန်းကျင်အထိ ကုန်ကျခဲ့ပြီးဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ကျန်ရှိနေသေးသည့် နောက်ထပ် သောက်သုံးရေကန်တစ်ကန်ကိုပါ ရေစုပ်စက်ဖြင့် ရေထုတ်ယူပြီး ပြန်လည်ပြုပြင်နိုင်ရန်အတွက် ငွေကြေးအထောက်အပံ့များနှင့် အရေးပေါ် ကူညီပံ့ပိုးမှုများ လိုအပ်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။
ထို့အပြင် မင်းပြားမြို့နယ်၊ ဖုံသာချောင်းဒေသရှိ ကျေးရွာအချို့တွင်လည်း သောက်သုံးရေကန်များ ရေနစ်မြုပ်ခဲ့၍ ဒေသခံများမှာ သောက်သုံးရေ အရေးပေါ်လိုအပ်နေကြောင်း ဖုံသာချောင်းဒေသခံများက ဆိုကြသည်။
ရက္ခိုင်က မြိုနယ် ၈ မြို့နယ်တွင် ရေကြီးမှုဒဏ်ကိုခံခဲ့ကြရပြီး အဆိုပါ မြို့နယ်များမှ ရေဘေးသင့်ပြည်သူများကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ဌာနဆိုင်ရာအသီးသီးနှင့် လူမှုကူညီကယ်ဆယ်ရေး ပရဟိတအဖွဲ့များက အရေးပေါ်ကူညီဆောင်ရွက်မှုများကို ပြုလုပ်လျှက်ရှိနေသည်။
(ဓာတ်ပုံ – ပေးပို့)

