သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဆောလမ်းတစ်လျှောက်တွင် စစ်ကော်မရှင်တပ် နေရာယူထား၍ ခရီးသွားပြည်သူများအနေဖြင့် အသွားအလာ ဆင်ခြင်ရန် လိုအပ်

AB News – မေ ၄၊ ၂၀၂၆

စစ်ကော်မရှင်တပ်က ဆောလမ်းတစ်လျှောက် ထိန်းချုပ်ပြီးနောက် အင်အားရာဂဏန်းဖြင့် နေရာယူထား၍ ရက္ခိုင်ခရီးသွားပြည်သူများအနေဖြင့် အသွားအလာ သတိထား ဆင်ခြင်ကြရန် လိုအပ်ကြောင်း ဆောမြို့နယ်မှ ဒေသခံများက ဆိုကြသည်။

ပြီးခဲ့သည့် ဧပြီလအတွင်း စစ်ကော်မရှင်တပ်သည် မကွေးတိုင်းမှ ချင်းပြည်နယ်ကို ဖြတ်၍ ရက္ခိုင်သို့ ကုန်စည်များပို့ဆောင်ရာ ဆော- မင်းတပ်ကားလမ်းပေါ်မှ ကံကြီးရွာကို ဝင်ရောက်၍ နေရာယူခဲ့သည်။

ထိုကဲ့သို့ စစ်ကော်မရှင်တပ်မှ သိမ်းပိုက်ထိန်းချုပ်ပြီးနောက် နေရာအနှံ တပ်စခန်းများ ချထားမှုကြောင့် ဒေသခံများမှာ စစ်ဘေးရှောင်နေကြရပြီး ကုန်သည်အချို့မှာလည်း ပိတ်မိနေကြောင်း စုံစမ်းသိရှိရသည်။

ဆောနှင့် ရက္ခိုင်ကို ကုန်ကူးနေသော ကုန်သည်တစ်ဦးက “စစ်ကော်မရှင်က ဒီဆောလမ်းကို ထိန်းချုပ်လိုက်တော့ ကုန်သည်အချို့ ပိတ်မိနေပြီး ဒေသခံတွေမှာလည်း စစ်ဘေးရှောင်နေကြရတယ်။ တပ်အင်အားတွေလည်း နေရာအနှံချထားတယ်။ သူတို့ အရင်ကထက် ပိုပြီး စစ်ရေးလှုပ်ရားလာတယ်။ ဖြစ်နိုင်ရင် ရက္ခိုင်ကုန်သည်တွေအနေနဲ့ ခရီးသွားလာတာတွေ မပြုလုပ်တာ ကောင်းပါတယ်”ဟု ပြောသည်။

ကံကြီးရွာသည် ဆောမြို့နယ်အတွင်း၌ ရှိပြီး စေတုတ္တရာ၊ ဆိပ်ဖြူ၊ ပေါက်၊ ထီးလင်းစသည့် မကွေးတိုင်းမှ မြို့နယ်များနှင့်သာမက ချင်းပြည်နယ် မင်းတပ်၊ ကန်ပက်လက်မြို့နယ်များကို ဆက်သွယ်ထားသည့် လမ်းမကြီးပေါ်တွင် ရှိသော တော်လှန်ရေးတပ်များ သိမ်းထားသည့် အရေးပါသော လမ်းဆုံရွာကြီးဖြစ်သည်။

အဆိုပါရွာကို ပြီးခဲ့သည့် ဧပြီ ၂၅ ရက် ဆောမြို့နယ် ကျောက်ထုအခြေစိုက် အမှတ် ၃၆၈ အမြောက်တပ်ရင်းမှနေ၍ ထိုးစစ် ဆင်ခဲ့ခြင်းဖြစ်ပြီး အနီးဝန်းကျင်ကိုပါ စစ်ကြောင်းထိုးသလို လက်နက်ကြီးဖြင့် ပစ်ခတ်ကာ ဒေသခံများကိုလည်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ယင်းအပြင် ဆောလမ်းမတစ်လျှောက် စစ်ကော်မရှင် လှုပ်ရှားမှုများရှိနေသဖြင့် ရက္ခိုင်ခရီးသွားပြည်သူများအနေဖြင့် ပြည်ပ၊ နိုင်ငံခြားရပ်သို့ အသွားအလာ ဆင်ခြင်ကြရန် လိုအပ်ကြောင်း ရက္ခိုင်ကုန်သည်များက ဆိုကြသည်။

“စစ်ကော်မရှင် တပ်စခန်းတွေ ရှိနေသရွေ့ ပြည်သူတွေ လမ်းသွားလမ်းလာ လုပ်ဖို့မကောင်းဘူး။ တချို့ကုန်သည်တွေဆိုရင် ဖမ်းဆီးခံရတာတွေရှိတယ်။ ပြည်ပနဲ့ နိုင်ငံခြားကိုလည်း မသွားကြဖို့ ပြောချင်တယ်။ သူတို့က တကယ့် အကြမ်းဖက်စစ်သားတွေပါ။ ခရီးသွားပြည်သူတွေဆိုပြီး သနားညှာတာမှာ မဟုတ်ဘူး။ လမ်းမှာ တွေ့ရင်တွေ့သလို အကုန်လုံးသတ်ပစ်မှာပါ” ဟု ပြောသည်။

ရက္ခိုင်ပြည်အတွင်း တိုက်ပွဲများဖြစ်ပွားပြီးနောက်ပိုင်း အခြေခံစားသောက်ကုန်များ အပါအဝင် ကုန်ဈေးနှုန်းမြင့်မားမှုဒဏ်ကို ရင်ဆိုင်နေကြပြီး လက်ရှိအချိန်ထိ ပြည်မဘက်မှ ကုန်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက တစ်ဆမှ ၅ ဆဝန်းကျင်အထိ ဈေးတက်နေဆဲ ဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ