
AB News – ဇွန် ၁၂၊ ၂၀၂၆
၂၀၁၅ ခုနှစ်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်ရှိ ဧရာဝဏ်ဟိန္ဒူနတ်ကွန်း (Erawan Shrine)အား ဗုံးခွဲတိုက်ခိုက်ခဲ့မှုဖြင့် စွပ်စွဲခံထားရသည့် တရုတ်နိုင်ငံ၊ ရှန်ကျန်းဒေသမှ ဝီဂါ (Uygur) မူဆလင်နွယ်ဖွား အမျိုးသား ၂ ဦးကို ထိုင်းတရားရုံးက ယမန်နေ့ ဇွန်လ ၁၁ ရက်နေ့တွင် သေဒဏ် အမိန့်ချမှတ်လိုက်ပြီ ဖြစ်သည်။
ဗုံးခွဲတိုက်ခိုက်မှုအတွင်း တရုတ်၊ မလေးရှားနှင့် စင်ကာပူနိုင်ငံမှ ခရီးသွားများအပါအဝင် ၂၀ ဦး သေဆုံးခဲ့ပြီး ထိုင်းနိုင်ငံ၏ အသေအပျောက်အများဆုံး တိုက်ခိုက်မှုတစ်ခုဖြစ်ခဲ့သည်။
ပြစ်မှုကျူးလွန်သူ ၂ ဦးမှာ အသက် ၄၁ နှစ်အရွယ် Bilal Mohammed နှင့် အသက် ၃၆ နှစ်အရွယ် Yusufu Mieraili တို့ဖြစ်ကြပြီး ၂၀၁၅ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်နေ့တွင် ဘန်ကောက်မြို့လယ်တွင် လူအများအပြား သေဆုံးခဲ့သည့် ဗုံးခွဲတိုက်ခိုက်မှုအပြီးတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ဆိုထားသည်။
ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ရက်အနည်းငယ်အကြာတွင် Bilal Mohammed ၏ ဘန်ကောက်လိပ်စာ၌ ဗုံးပြုလုပ်သည့်ပစ္စည်းများကို တွေ့ရှိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောကြားခဲ့ပြီး Yusufu Mieraili ကိုမူ နှစ်ပတ်အကြာတွင် ကမ္ဘောဒီးယားအတွင်း ဖမ်းဆီးရမိခဲ့သည်။
၎င်းတို့ ၂ ဦး၏ နိုင်ငံကူးလက်မှတ် (Passport) များတွင် တရုတ်နိုင်ငံ၊ ရှန်ကျန်းဒေသ၌ မွေးဖွားခဲ့ကြောင်း ဖော်ပြထားပြီး ၁၁ နှစ်ကြာ ဖမ်းဆီးချုပ်နှောင်ခြင်းခံခဲ့ရသော်လည်း ၎င်းတို့အပေါ် စွဲချက်တင်ထားမှုများကို အစဉ်တစိုက် ငြင်းဆိုခဲ့ကြသည်။
အဆိုပါအမှုသည် ဆယ်စုနှစ် တစ်ခုကျော်ကြာအောင် ရုံးတင်စစ်ဆေးခဲ့ရခြင်းဖြစ်ပြီး တရားစီရင်ရေးလုပ်ငန်းစဉ်အတွင်း ချို့ယွင်းချက်များရှိနေကြောင်း ဝေဖန်ရေးသမားများက ထောက်ပြခဲ့ကြသည်။
ရုံးတင်စစ်ဆေးမှုအဆုံးတွင် ဘန်ကောက်တရားရုံးမှ တရားသူကြီးလေးဦးပါဝင်သော အဖွဲ့သည် အဆိုပါအမျိုးသား ၂ ဦးသည် ကြိုတင်ကြံစည်လူသတ်မှုမြောက်သည့် လုပ်ရပ်များကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားသဖြင့် အမြင့်ဆုံးပြစ်ဒဏ်ကို ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုထားသည်။
“တရားခံတွေဟာ ချိုးဖောက်ရာရောက်တဲ့ ပြစ်မှုတစ်ခုတည်းကို ကျူးလွန်ခဲ့ကြတာပါ။ ဒါကြောင့် တရားရုံးအနေနဲ့ ဥပဒေအရ ပေးနိုင်တဲ့ အပြင်းထန်ဆုံးပြစ်ဒဏ်ဖြစ်တဲ့ သေဒဏ်ကို ချမှတ်ခဲ့တာဖြစ်ပါတယ်” ဟု တရားသူကြီးတစ်ဦးက AFP သတင်းဌာနကို ဖြေကြားထားသည်ကို တွေ့ရှိရသည်။
တရားရုံးမှ စီရင်ချက်ချမှတ်ပြီးနောက် တရားခံ Yusufu Mieraili က “ထိုင်းနိုင်ငံရဲ့ တရားစီရင်ရေးစနစ် ကျဆုံးသွားပါပြီ။ ဒီဆုံးဖြတ်ချက်ကို ကျနော် လုံးဝ လက်မခံပါဘူး။ ကျနော် ဘာအမှားမှ ကျူးလွန်ခဲ့တာ မရှိပါဘူး” ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။
တရားခံရှေ့နေ Choochart Kanpai က “အမှုစစ်ဆေးစဉ်အတွင်း တရားခံတွေအပေါ် ဆက်ဆံခဲ့တဲ့ ပုံစံ အပါအဝင် တရားရုံးဘက်က ထည့်မစဉ်းစားရသေးတဲ့ အချက်တွေ အများကြီး ရှိနေသေးတာကြောင့် ဒီစီရင်ချက်အပေါ် အယူခံဝင်သွားမယ်” ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။
သံသယရှိသူများကို စစ်တပ်အချုပ်ထဲတွင် အကြာကြီး ဖမ်းဆီးထားခဲ့ခြင်းနှင့် စကားပြန်လုပ်ပေးသူမှာ မူးယစ်ဆေးသုံးသည်ဟုဆိုကာ အဖမ်းခံခဲ့ရခြင်းတို့ကြောင့် အငြင်းပွားစရာများ ဖြစ်ခဲ့ပြီး အမှုစစ်ဆေးမှုများလည်း ကြန့်ကြာခဲ့သည်။
ကုလသမဂ္ဂ၏ မတရားဖမ်းဆီးချုပ်နှောင်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့များအပါအဝင် လူ့အခွင့်အရေး လှုပ်ရှားသူများက အဆိုပါ အမျိုးသား ၂ ဦးသည် တရားမျှတသော တရားစီရင်ရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ အခွင့်အရေးများကို ဆုံးရှုံးခဲ့ရသည်ဟု ပြောကြားခဲ့သည်။
ဤဗုံးခွဲတိုက်ခိုက်မှုသည် ဘန်ကောက်မြို့၏ ခေတ်သစ်သမိုင်းတစ်လျှောက်တွင် အမှောင်မိုက်ဆုံး အဖြစ်ဆိုးများထဲမှ တစ်ခုဖြစ်ကြောင်း ဆိုကြသည်။
ယင်းအပြင် ဗုံးပေါက်ကွဲမှုသည် တရုတ်လူမျိုး ခရီးသွားဧည့်သည်များ အများအပြား လာရောက်လေ့ရှိသည့် နာမည်ကျော် ဈေးဝယ်စင်တာကြီးများအနီးရှိ မြို့လယ်တွင် တည်ရှိသော ဧရာဝဏ်ဟိန္ဒူနတ်ကွန်း (Erawan Shrine) အတွင်း ဝတ်ပြုသူများက အမွှေးတိုင်ထွန်းကာ ဓာတ်ပုံရိုက်နေကြပြီး လူအလွန်စည်ကားနေသည့် အလုပ်ဆင်းချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဗုံးပေါက်ကွဲမှု အလွန်ပြင်းထန်သည့်အတွက် သေဆုံးသူများ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများမှာ နတ်ကွန်းရှေ့ လမ်းမတစ်ဖက်ကမ်းအထိ လွင့်စင်သွားခဲ့ပြီး ဖြတ်မောင်းသွားသည့် ဆိုင်ကယ်တစ်စီးပါ မီးလောင်ပြီး ကတ္တရာလမ်းပေါ်တွင် မီးကျွမ်းရာကြီးအဖြစ် ထင်ကျန်ခဲ့သည်။
ထိုဗုံးပေါက်မှုအတွင်း ထိုင်းလူမျိုး ၆ ဦး၊ မလေးရှားနိုင်ငံမှ ၅ ဦး၊ တရုတ်နိုင်ငံမှ ၅ ဦး၊ ဟောင်ကောင် ၂ ဦး၊ အင်ဒိုနီးရှားနိုင်ငံမှ ၁ ဦးနှင့် စင်ကာပူနိုင်ငံမှ ၁ ဦးတို့ သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများလည်း အများအပြား ရှိခဲ့သည်။
သေဆုံးသူများထဲတွင် ဗြိတိန်နိုင်ငံ၌ ဥပဒေပညာသင်ကြားနေသည့် ဟောင်ကောင်ဒေသခံများဖြစ်ကြသည်ံ အသက် ၁၉ နှစ်အရွယ် ဗီဗီယန်ချန် (Vivian Chan) နှင့် အသက် ၂၄ နှစ်အရွယ် အာကေးဒီးယားပန် (Arcadia Pang) တို့ပါဝင်သည်။
ပေါက်ကွဲမှုမဖြစ်ပွားမီ မိနစ်အနည်းငယ်ခန့်တွင် ဘုရားကျောင်းအတွင်းရှိ ခုံတန်းတစ်ခုအောက်တွင် ကျောပိုးအိတ်တစ်လုံးကို ထားခဲ့သည့် ဗုံးခွဲသမားကို CCTV မှတ်တမ်းများက ဖမ်းယူနိုင်ခဲ့ပြီး ၎င်းဗုံးခွဲသမားမှာ အဝါရောင်ရှပ်အင်္ကျီ ဝတ်ဆင်ထားကြောင်း သိရသည်။
ထိုအချိန်တွင် ထိုင်းနိုင်ငံကို အုပ်ချုပ်သော စစ်အစိုးရက ရှန်ကျန်းဒေသမှ မူဆလင်နွယ်ဖွား လူနည်းစုဖြစ်သော ဝီဂါ (Uyghur) လူမျိုး ၁၀၉ ဦးကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးပြီးနောက် ရက်သတ္တပတ်အနည်းငယ်အကြာတွင် ယင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့သော်လည်း မည်သည့်အဖွဲ့အစည်းကမျှ တာဝန်ယူကြောင်း ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။
တရုတ်နိုင်ငံသည် မူဆလင်နွယ်ဖွား လူနည်းစုဖြစ်သော ဝီဂါ (Uyghur) လူမျိုးများကို လူ့အခွင့်အရေးများ ချိုးဖောက်နေကြောင်း စွပ်စွဲခံနေရခြင်း ဖြစ်ပြီး တရုတ်၊ ပေကျင်းအနေနှင့် လုံးဝငြင်းဆိုထားကာ အကြမ်းဖက်သမားများကိုသာ နှိမ်နင်းနေခြင်းသာ ဖြစ်ကြောင်း ဆိုထားသည်။
အဆိုပါ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်ပြီးလုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူများ၏ သုံးသပ်ချက်တွင် ထိုင်းနိုင်ငံသည် မူဆလင်နွယ်ဖွား လူနည်းစုဖြစ်သော ဝီဂါ (Uyghur) လူမျိုးစု အဖွဲ့အစည်းကြားတွင် ဘေးကင်းရာ ခိုလှုံရာတစ်ခုအဖြစ် ရှုမြင်ခြင်းခံခဲ့ရသည်ဟု ဆိုသည်။
အကြောင်းအရင်းမှာ ၎င်းတို့နှင့် ဘာသာစကား၊ ယဉ်ကျေးမှုချင်း ဆင်တူသည့် တူရကီနိုင်ငံသို့ ဆက်လက်ထွက်ခွာနိုင်ရန်အတွက် စာရွက်စာတမ်းအတုများဖြင့် ကူညီပေးနေသော လူမှောင်ခိုဂိုဏ်းများ၏ ကွန်ရက်တစ်ခုသည် ထိုင်းနိုင်ငံ၌ အခိုင်အမာ အခြေစိုက်ခဲ့ကြောင်း သိရသည်။