သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အဉ္ဇနပူရမြို့နယ်တွင် ခင်ပွန်းဖြစ်သူအား တုတ်ဖြင့် ရိုက်နှက်၍ သေဆုံးစေခဲ့သည့် အမျိုးသမီးကို ခရိုင်တရားရုံးက ထောင်ဒဏ် ၆ နှစ် ချမှတ်

AB News – အောက်တိုဘာ ၃၁၊ ၂၀၂၆

ရက္ခိုင်ပြည်၊ အဉ္ဇနပူရခရိုင်၊ အဉ္ဇနပူရမြို့နယ်၌ အရက်သေစာ သောက်စားပြီး အိမ်တွင်းအကြမ်းဖက် ဆဲဆိုရန်ရှာသည့် ခင်ပွန်းဖြစ်သူအား စကားများ ရန်ဖြစ်ရာမှ တုတ်ဖြင့် ရိုက်နှက်မိ၍ သေဆုံးသွားခဲ့သည့် အမှုတွင် တရားခံဖြစ်သူ ဇနီးအား အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ သက်ဆိုင်ရာ ခရိုင်တရားရုံးက ယမန်နေ့ အောက်တိုဘာ ၃၀ ရက်နေ့၌ ထောင်ဒဏ် ၆ နှစ် အမိန့်ချမှတ်လိုက်သည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် သြဂုတ် ၁၄ ရက်၊ မွန်းလွဲ ၃ နာရီခွဲခန့်တွင် အဉ္ဇနပူရမြို့နယ်၊ ကြိမ်ချောင်းကျေးရွာနေ အသက် ၅၆ နှစ်အရွယ် ဒေါ်စိန်သန်း သည် မိမိနေအိမ်သို့ ပြန်လာစဉ် ခင်ပွန်းဖြစ်သူ အသက် ၅၇ နှစ်အရွယ် ဦးအောင်ရွှေသိန်း က အရက်သေစာ သောက်စား မူးယစ်ပြီး ထုံးစံအတိုင်း ရိုင်းစိုင်းစွာ ဆဲဆိုရန်ရှာခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ကာလကြာရှည် အိမ်တွင်းအကြမ်းဖက် ဆဲဆိုမှုများကို မခံမရပ်နိုင် ဖြစ်ကာ ဒေါ်စိန်သန်း က အနီးအနားရှိ အရှည် ၂ တောင်ကျော်ခန့်ရှိ တုတ်ဖြင့် ရိုက်နှက်ခဲ့ရာ ဦးအောင်ရွှေသိန်း ၏ ဦးခေါင်းနှင့် နားထင်တို့တွင် ပြင်းထန်ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ရခြင်း ဖြစ်သည်။

ထို့နောက် သြဂုတ် ၁၅ ရက်နေ့တွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံ​ရေးဌာန (DLEPS) က ဒေါ်စိန်သန်း အား ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး၊ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စုံစမ်းစစ်ဆေးကာ တရားရုံးသို့ တရားစွဲဆို တင်ပို့ခဲ့သည်။

ယင်းနောက် သက်ဆိုင်ရာ ခရိုင်တရားရုံးက ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၂)  ဖြင့် မှုခင်းဖြစ်စဉ် နောက်ခံနှင့် အကြောင်းအရင်းများကို ထည့်သွင်းစဉ်းစားကာ ဒေါ်စိန်သန်း အား ထောင်ဒဏ် ၆ နှစ် ကျခံစေရန် ယမန်နေ့ (အောက်တိုဘာ ၃၀ ရက်နေ့)က အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

သေဆုံးသူ ဦးအောင်ရွှေသိန်း သည် နေ့စဉ် အရက်သေစာ သောက်စား မူးယစ်ပြီး ဇနီးဖြစ်သူအပေါ် ကာလကြာရှည်စွာ အိမ်တွင်းအကြမ်းဖက်မှုများ ပြုလုပ်လေ့ရှိသူဖြစ်ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ