သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
လက်ကျန်မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲလာမည့်အရေးကြောင့် စစ်ကော်မရှင် တပ်သားများ ထွက်ပြေးမှုရှိနေ

AB News – ဧပြီ ၁၃၊ ၂၀၂၆

ရက္ခိုင်ပြည်အတွင်း အာရက္ခတပ်တော် (AA) ၏ ထိုးစစ်အရှိန်မှာ စစ်တွေမြို့အပါအဝင် လက်ကျန်မြို့များအနီးသို့ နီးကပ်လာနေပြီး မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲလာမည့်အရေးကို ကြောက်လန့်ကာ စစ်ကော်မရှင် တပ်ဖွဲ့ဝင်အချို့ တပ်ရင်းများကို စွန့်ခွာထွက်ပြေးမှုများ ရှိနေကြောင်း မြေပြင် သတင်းရင်းမြစ်များထံမှ သိရသည်။

(၁၇) နှစ်မြောက် အာရက္ခတပ်တော်နေ့ သဝဏ်လွှာတွင် အာရက္ခတပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင် အစရှိသည့် လက်ကျန်မဟာဗျူဟာမြောက် မြို့များကို အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် ၂၀၂၆ နှင့် ၂၀၂၇ ခုနှစ်များကို အဆုံးအဖြတ်နှစ်များအဖြစ် သတ်မှတ်ထားကာ “မရပ်မနားတိုက်ပွဲဝင်ရန်” လမ်းညွှန်ထားသည်။

ယင်းသို့ မြို့သိမ်းတိုက်ပွဲများ အရှိန်မြင့်လာမည့်အရေးကြောင့် စစ်တွေမြို့အခြေစိုက် တပ်ရင်းအသီးသီးမှ စစ်ကော်မရှင် တပ်သားအချို့မှာ ရင်မဆိုင်ရဲဘဲ တပ်ဖျက်ပြေးခြင်းနှင့် ဘေးလွတ်ရာသို့ တိမ်းရှောင်ရန် ကြိုးပမ်းခြင်းများ ရှိနေခြင်းဖြစ်သည်။

စစ်တွေမြို့ခံတစ်ဦးက” အခုရက်ပိုင်း စစ်သားတွေကြားထဲမှာလည်း တော်တော်လေး ပျာယာခတ်နေကြတာ။ မြို့သိမ်းတိုက်ပွဲကို ကြောက်လို့ တပ်ဖျက်ပြေးတဲ့ သူတွေရှိတယ်လို့လည်း အသံကြားရတယ်။ အဲဒါကို ဖုံးချင်လို့လားမသိဘူး၊ ညတိုင်းလိုလို မြစ်ထဲက နေဗီ ရေတပ် တွေရော၊ ကုန်းပေါ်က တပ်ရင်းတွေရော လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်နေတာ” ဟု AB News သို့ ပြောသည်။

စစ်ကော်မရှင်သည် မြေပြင်စစ်ရေးတွင် အဘက်ဘက်မှ ရှုံးနိမ့်နေသဖြင့် ဧပြီလ ၁၃ ရက်နေ့တွင် ပေါက်တောနှင့် မင်းပြားမြို့နယ်များကို လေကြောင်းအသုံးပြုကာ အပြင်းအထန် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။

ယင်းနေ့ နံနက် ၁၁ နာရီခန့်တွင် ပေါက်တောမြို့နယ်၊ မြေငူကျွန်းရှိ သဲခုံကျေးရွာအနီးသို့ ဂျက်တိုက်လေယာဉ် နှစ်စီးဖြင့် မိနစ် ၃၀ ကြာ ဗုံးကြဲခဲ့သည်။

ပေါက်တောဒေသခံ ၁ ဦးက “လေယာဉ်တွေက တစ်စီးတည်းလာတာ မဟုတ်ဘူး၊ အုပ်စုလိုက်ကြီး လာတာ။ အသံကလည်း တုန်ဟီးနေတာပဲ။ ရွာနားက ကွင်းတွေထဲကို ဗုံးတွေ တရစပ် ကြဲချသွားတာ”ဟု ဆိုသည်။

အလားတူ မင်းပြားမြို့နယ်၊ ပုလဲတောင်ကျေးရွာအနီးသို့လည်း ဂျက်ဖိုက်တာနှင့် Y12 လေယာဉ်များအသုံးပြုကာ ဗုံးအလုံး ၂၀ ကျော် ကြဲချခဲ့ရာ ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့သည်။

ရက္ခိုင်ပြည်အတွင်းရှိ မြို့နယ်အများအပြားကို AA က ထိန်းချုပ်ထားနိုင်ပြီးနောက်ပိုင်း စစ်ကော်မရှင်သည် မြေပြင်စစ်ဆင်ရေးထက် လေကြောင်းနှင့် ရေတပ်အင်အားကို အဓိကအားပြု၍ တုံ့ပြန်တိုက်ခိုက်လာနေသည်။

စစ်တွေမြို့အခြေစိုက် ရေတပ်စခန်းများမှ စစ်ရေယာဉ်များသည် မြို့ပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ်နေသကဲ့သို့ လေကြောင်းတိုက်ခိုက်မှုများတွင်လည်း ယခင်ကထက် ပိုမိုပြင်းထန်သည့် အုပ်စုလိုက် ဂျက်တိုက်လေယာဉ်များ အသုံးပြုခြင်း ဗျူဟာကို ပြောင်းလဲအသုံးပြုလာခြင်း ဖြစ်သည်။

လက်ရှိတွင် စစ်ကော်မရှင်သည် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင် စသည့် လက်ကျန်မြို့များကို လက်မလွှတ်ရရေးအတွက် မြို့အဝင်အထွက်များကို ပိတ်ဆို့ထားကာ အရပ်သားများကို လူသားဒိုင်းသဖွယ် အသုံးချရန် ကြိုးပမ်းနေသဖြင့် ဒေသခံပြည်သူများမှာ စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်ထိတ်လန့်နေကြရသည်။

ရက္ခိုင်ပြည် အလုံးစုံလွတ်မြောက်ရေးအတွက် “နိုင်ကိုနိုင်ရမည်ဖြစ်သလို အောင်ကိုအောင်ရမည်” ဆိုသည့် သန္နိဌာန်နှင့်အတူ အပြတ်သားဆုံး ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု အာရက္ခတပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အတည်ပြု ပြောကြားထားသည်။

Photo – Hein Tun/AB News

AB_News #ArakanArmy #Sittwe #Kyaukphyu #Manaung #MyanmarCoup #HumanRights #MilitaryDesertion #Airstrikes #ArakanState #MajorGeneralTwanMratNaing #DecisiveYears2026_2027 #FinalBattle

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ