သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောမြို့​ပေါ် ရပ်ကွက်များတွင် ​ရေ​မြောင်းများ ရေစီးရေလာကောင်းမွန်ရေးနှင့် မြို့သန့်ရှင်းရေးအတွက် လူထုလှုပ်ရှားမှု ကန်ပိန်းတစ်ရပ် ပြုလုပ်


 
AB News – မေ ၂၅၊ ၂၀၂၆
 
ရက္ခိုင်ပြည်၊ မောင်တောမြို့ပေါ် ရပ်ကွက်များအတွင်း ရေစီးရေလာ ကောင်းမွန်စေရေး၊ သဘာဝပတ်ဝန်းကျင် သန့်ရှင်းသာယာရေးနှင့် မိုးရာသီတွင် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးကဲ့သို့သော ခြင်မှတဆင့် ကူးစက်တတ်သည့် ရောဂါများမှ ကာကွယ်ရန်အတွက် မြို့တွင်း ရေမြောင်းသန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး ကန်ပိန်းတစ်ရပ်ကို ယမန်နေ့ မေလ ၂၄ ရက်နေ့က စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
 
အဆိုပါ လှုပ်ရှားမှုကို မောင်တောမြို့နယ် ပါတီကော်မတီ (မြို့နယ်ပါတီရုံး) က ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြို့ပေါ်ရှိ ရပ်ကွက် ၈ ခုတွင် ရပ်ကွက်အလိုက် တာဝန်ခွဲဝေကာ ကွင်းဆင်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။
 
ယင်းလှုပ်ရှားမှုတွင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ ပါတီအမျိုးသမီးများနှင့် လူငယ်အင်အားစုများ၊ မြို့မိမြို့ဖများ၊ ကျောင်းသားကျောင်းသူများနှင့် မူဆလင်များအပါအဝင် တခြားမျိုးနွယ်စုဝင်​ဒေသခံပြည်သူများ စုစု​ပေါင်း လူအင်အား ၆၀၀ ကျော်ခန့် ပူးပေါင်းပါဝင်ခဲ့ကြသည်။
 
ထို့အပြင် ဒေသတွင်း အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းများ ဖြစ်ကြသည့် HDCO၊ MYAN၊ MCRDA စသည့် CSO အဖွဲ့အစည်းများလည်း စုံစုံလင်လင် တက်ကြွစွာ ပါဝင်ကူညီခဲ့ကြောင်း သိရသည်။
 
သန့်ရှင်းရေး ကန်ပိန်းပြုလုပ်ရာတွင် အဓိကအားဖြင့် မြို့တွင်းဧရိယာများကိုသာ သတ်မှတ်ချက်အဖြစ် ထည့်သွင်းထားပြီး ရေစီးကြောင်း ပိတ်ဆို့နေသည့် နေရာများ၊ ရေဝပ် (ရေအင်းခံ) နေသည့် နေရာများ၊ လူစည်ကားပြီး အမှိုက်များ စုပုံနေတတ်သည့် လမ်းဘေးဝဲယာများနှင့် နေရာအနှံ့အပြားရှိ အမှိုက်များကို သိမ်းဆည်းခြင်း၊ လိုအပ်သည့် နေရာများတွင် မြောင်းအသစ် တူးဖော်ခြင်းများကို စုပေါင်း ဆောင်ရွက်ခဲ့ကြသည်။
 
မောင်​တော​​မြို့မှ ဒေသခံတစ်ဦးက “မြို့တွင်း သန့်ရှင်းဖို့နဲ့ လူကြီး၊ လူငယ် အားလုံး ကျန်းမာရေး ကောင်းမွန်ပြီး သာယာဖွံ့ဖြိုးဖို့က အဓိက ရည်ရွယ်ချက်ပါပဲ” ဟု ပြောကြားခဲ့သည်။
 
ထို့အပြင် ယခုကဲ့သို့ လူထုပူးပေါင်းပါဝင်မှုများက မြို့သာယာရေးအတွက်သာမက ဒေသခံ လူမျိုးစုများအကြား စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကိုလည်း ပိုမိုခိုင်မာစေကြောင်း ၎င်းက ထပ်မံ ပြောဆိုထားသည်။
 
လက်ရှိတွင် မိုးရာသီ နီးကပ်လာပြီဖြစ်၍ ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်အတွက် သန့်ရှင်းရေး လှုပ်ရှားမှုများကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဌာနစုံ ပေါင်းစပ်ကာ ဆက်လက် လုပ်ဆောင်သွားရန် ရှိကြောင်းနှင့် နောက်ဆုံးသတ်မှတ်ရက် အကန့်အသတ်မရှိဘဲ စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
 

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ