သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြား ရေဘေးသင့် ကျေးရွာသို့ ULA/AA က သောက်သုံးရေ လီတာ ၇,၀၀၀ ဖြန့်ဝေ

AB News – ဇူလိုင် ၁၇၊ ၂၀၂၆

ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်ရှိ ရေဘေးသင့် မင်းတင်မကျေးရွာတွင် ရေကြီးရေလျှံမှုကြောင့် ရေကန်များပျက်စီးကာ သောက်သုံးရေ အခက်အခဲဖြစ်ပေါ်နေသဖြင့် ULA/AA က အရေးပေါ် သောက်သုံးရေ လီတာ ၇,၀၀၀ ကို သွားရောက်ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

ဇူလိုင် ၁၆ ရက်နေ့တွင် ULA/AA တာဝန်ရှိသူများက မင်းတင်မကျေးရွာအတွက် လိုအပ်နေသော သောက်သုံးရေများကို သယ်ဆောင်လာကာ ဒေသခံများထံ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ရက္ခိုင်ဒေသတွင် ဇူလိုင် ၄ ရက်နေ့မှစတင်၍ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မောင်တော၊ ဘူးသီးတောင်နှင့် အခြားမြို့နယ်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး ကျေးရွာအများအပြား ရေလွှမ်းမိုးခံခဲ့ရသည်။

ယင်းသို့ ရေလွှမ်းမိုးမှုကြောင့် ရေကန်များပျက်စီးခဲ့ပြီး သောက်သုံးရေ ရရှိရေးမှာ ဒေသခံများအတွက် အရေးပေါ် လိုအပ်ချက်တစ်ရပ် ဖြစ်လာသည်။

“ရေကြီးပြီးနောက် ရေကန်တွေ ပျက်စီးသွားလို့ သောက်သုံးရေ အခက်အခဲဖြစ်နေပါတယ်။ အခုလို အချိန်မီ သောက်သုံးရေ လာရောက်ဖြန့်ဝေပေးတဲ့ ULA/AA တာဝန်ရှိသူတွေကို အထူးကျေးဇူးတင်ပါတယ်။ ဒီအကူအညီက ကျနော်တို့အတွက် အလွန်အရေးပါတဲ့ အထောက်အပံ့တစ်ခု ဖြစ်ပါတယ်” ဟု မင်းတင်မကျေးရွာမှ ဒေသခံတစ်ဦးက AB News သို့ ပြောသည်။

လက်ရှိတွင် ULA/AA သည် ရေဘေးသင့်ပြည်သူများအတွက် အရေးပေါ်ကယ်ဆယ်ရေး၊ စားနပ်ရိက္ခာထောက်ပံ့ရေး၊ သောက်သုံးရေဖြန့်ဝေရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဒေသခံများနှင့် ပူးပေါင်း၍ အချိန်နှင့်တပြေးညီ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

Photo – AB News

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ