သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပေါက်တောနှင့် မောင်တောမြို့တွင် သက်ငယ်မုဒိမ်းမှု ဖြစ်ပွား

AB News – မတ် ၁၇၊ ၂၀၂၆

ရက္ခိုင်ပြည်အတွင်း ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ဖြစ်ပွားနေပြီး ပေါက်တောမြို့နယ်တွင် ၈ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရကာ တရားခံလွတ်မြောက်နေသကဲ့သို့ မောင်တောမြို့နယ်တွင်လည်း ၃ နှစ်အရွယ် ကလေးငယ်တစ်ဦး ရက်စက်စွာ အဓမ္မပြုကျင့် သတ်ဖြတ်ခံရသည့်ဖြစ်စဉ် ယခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သည်။

မောင်တောမြို့နယ်၊ အောင်သုခကျေးရွာတွင် မတ်လ ၁၆ ရက်နေ့ ညနေပိုင်းက ကစားရန်ထွက်သွားသည့် အသက် ၃ နှစ်အရွယ် မစုစု (နာမည်လွှဲ) သည် အိမ်သို့ ပြန်မရောက်ဘဲ ပျောက်ဆုံးသွားခဲ့သဖြင့် ရွာသူရွာသားများ ဝိုင်းဝန်းရှာဖွေရာ ည ၇ နာရီခွဲကျော်တွင် နေအိမ်တစ်လုံး၏ နောက်ဖေးလမ်းကြား၌ ဂုန်နီအိတ်ဖြင့် ထုတ်ထားသည့် ကလေးငယ်၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ရသည်။

ကလေးငယ်မှာ အဓမ္မပြုကျင့် သတ်ဖြတ်ခံထားရသည့် လက္ခဏာများ တွေ့ရှိရပြီး၊ ကျူးလွန်သူများက အလောင်းကို မြေမြှုပ်ဖျောက်ဖျက်ရန် ကျင်းတူးပြင်ဆင်ထားကြောင်းလည်း စစ်ဆေးတွေ့ရှိရသည်။ လက်ရှိတွင် သံသယရှိသူ ၃ ဦးကို ဒီလပ် (DLEPS) က ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် မတ်လ ၃ ရက်နေ့က ပေါက်တောမြို့နယ်၊ အလယ်ဖရုံကာကျွန်း၊ ဖဒူကြီးကျေးရွာတွင် နေထိုင်သည့် အသက် ၈ နှစ်အရွယ် မိန်းကလေးငယ်သည် ၎င်း၏အဒေါ်ဖြစ်သူနှင့်အတူ စိုက်ခင်းသို့ သွားရောက်ခဲ့ရာ စိုက်ခင်းမှအပြန် လမ်းခုလတ်တွင် အသက် ၄၀ ဝန်းကျင်အရွယ်ရှိ ဦးထွန်းအောင်ချေ ဆိုသူက လမ်းပြခိုင်းရာမှတဆင့် ကလေးငယ်အား အတင်းအဓမ္မ ပြုကျင့်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကျူးလွန်သူအား ပြီးခဲ့သည့် မတ်လ ၄ ရက်နေ့တွင် အာဏာပိုင်များက ဖမ်းဆီးနိုင်ခဲ့သော်လည်း ပြန်လည်လွတ်မြောက်သွားခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ထို့ကြောင့် မတ်လ ၅ ရက်နေ့တွင် အာရက္ခတပ်တော်က ဖမ်းဝရမ်း ထုတ်ပြန်ခဲ့ပြီး ကျေးရွာများအတွင်း “မုဒိမ်းမှုတရားခံအား အလိုရှိသည်၊ တွေ့ရှိပါက နီးစပ်ရာအုပ်ချုပ်ရေးအဖွဲ့ထံ အကြောင်းကြားရန်” ဟူသည့် စာတမ်းများဖြင့် လိုက်လံကြေညာကာ ရှာဖွေလျက်ရှိသည်။

ရက္ခိုင်ပြည်အတွင်း ယခင်နှစ်များကတည်းက မင်းပြား၊ ပလက်ဝ၊ မြေပုံနှင့် ပေါက်တောမြို့နယ်တို့တွင် ကလေးသူငယ်များနှင့် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ မကြာခဏ ဖြစ်ပွားခဲ့သည်ကို တွေ့ရှိရသည်။

ယခုကဲ့သို့ ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများအတွက် တရားခံများကို ဖမ်းဆီးမိရုံဖြင့် မကျေနပ်ကြဘဲ၊ ပြည်သူများရှေ့တွင် ပွင့်လင်းမြင်သာပြီး ထိရောက်ပြင်းထန်သည့် တရားစီရင်မှုများ အမြန်ဆုံး ဖော်ဆောင်ပေးရန် အာရက္ခတပ်တော် တရားရေးဌာနကို လူ့အခွင့်အရေးလှုပ်ရှားသူများနှင့် ဒေသခံများက အပြင်းအထန် တောင်းဆိုနေကြသည်။

ArakanBayNews #AB_News #သက်ငယ်မုဒိမ်းမှုဖြစ်ပွား #PaukTaw #Maungdaw #Rakhine

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ