AB News – ဇွန် ၁၇၊ ၂၀၂၆
ရက္ခိုင်ပြည်၊ ကျောက်တော်မြို့ပေါ်ရှိ လူနေထူထပ်ရာ ရပ်ကွက်များကို ယနေ့ ဇွန်လ ၁၇ ရက်နေ့ ညနေ ၃ နာရီခန့်တွင် စစ်ကော်မရှင်လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၇ ဦး သေဆုံးပြီး ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စစ်ကော်မရှင်က ကျောက်တော်မြို့၊ ပိုက်သည်ရပ်ကွက်၊ ရွာမရပ်ကွက်နှင့် လမ်းမတော်ရပ်ကွက်တို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လူနေအိမ်များ၊ စျေးဆိုင်ခန်းများနှင့် ကျေးလက်ဆေးပေးခန်းများ ပျက်စီးခဲ့သည်။
ပိုက်သည်ရပ်ကွက်ရှိ ဂစ္ဆပသီရိစျေး (၃) အနီးသို့ ဗုံးသီး ၂ လုံးခန့် ကျရောက်ပေါက်ကွဲခဲ့ပြီး ဘိလပ်မြေကွင်းအတွင်း မီးလောင်ကျွမ်းမှုများ ဖြစ်ပွားကာ အဆောင် ၁၀ ဆောင်ခန့် ပျက်စီးသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် ရွာမရပ်ကွက် က.တ.(၃) လမ်းတွင် ဗုံးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ရာ ဒေသခံ ၂ ဦး ဒဏ်ရာရရှိပြီး လူနေအိမ် ၄ လုံး ထိခိုက်ပျက်စီးခဲ့သည်။
လမ်းမတော်ရပ်ကွက်ရှိ ဓာတ်ဆီကွင်းနှင့် အနီးဝန်းကျင်ကို ဗုံးသီး ၇ လုံးခန့် ဆက်တိုက်ကြဲချတိုက်ခိုက်ခံရသဖြင့် လူနေအိမ် ၆ လုံး၊ စျေးဆိုင်ခန်း ၅ ခန်းနှင့် ကျေးလက်ဆေးပေးခန်း ၁ ခန်း ပျက်စီးခဲ့ရသည်။
ဗုံးကြဲတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူများမှာ လမ်းမတော်မြောက်ပိုင်းမှ ဦးမောင်နုသန်း၊ စစ်တွေမြို့နယ်၊ သံပြင်ရွာမှ စစ်ဘေးရှောင် ဦးစောအေးမောင်၊ လမ်းမတော် ကမ်းနားပိုင်းမှ ဦးလူချေမောင်၊ မြောက်ဦး၊ ထိပ်ဝပြင်ရွာမှ အသက် ၄ နှစ်အရွယ် မောင်မြတ်ငြိမ်းကျော်နှင့် ၎င်း၏ မိခင် မစိုးစန္ဒာ (၂၄) နှစ်၊ ဆင်ဦးချိုင်ရွာမှ ဦးစောအေးမောင် (၄၀) နှစ်၊ လမ်းမတော်ရပ်ကွက်မှ ဦးမောင်သာနု (၆၀) နှစ်၊ လမ်းမတော် လမ်းမပိုင်းမှ မဲချေ (ခ) မောင်သန်းဌေး တို့ဖြစ်ကြသည်။
“ဗုံးသီးတွေက လူနေအိမ်တွေနဲ့ စျေးအနီးကို တိုက်ရိုက်ကျရောက်ပေါက်ကွဲတာပါ။ ပြေးချိန်တောင် မရလိုက်ဘူး။ ကလေးတွေလည်း ထိခိုက်သေဆုံးသွားတာ မြင်ရတော့ အရမ်းဝမ်းနည်းရပါတယ်” ဟု ကျောက်တော်မြို့ခံတစ်ဦးက AB News သို့ ပြောသည်။
နောက်ထပ် ဒေသခံတစ်ဦးကလည်း “စက်သေနတ်တွေနဲ့ ပစ်သွားတယ်။ ပေါက်ကွဲသံတွေ ဆက်တိုက်ကြားရပြီး မီးလောင်မှုတွေပါ ဖြစ်လာတယ်။ အိမ်တွေ၊ ဆိုင်တွေ ပျက်စီးသွားသလို လူအသေအပျောက်လည်း များပါတယ်” ဟု ပြောသည်။
ကျောက်တော်မြို့သည် ရက္ခိုင်ပြည်အတွင်း မကြာခဏ လေကြောင်းတိုက်ခိုက်ခံရသည့် မြို့နယ်များထဲမှ တစ်ခုဖြစ်ပြီး အရပ်သားထိခိုက်သေဆုံးမှုမှာလည်း ဆက်လက်မြင့်တက်နေကြောင်း မြို့ခံများက ဆိုကြသည်။
(ဓာတ်ပုံ – Arakan Bay News)
















