
AB News – ဇွန် ၁၇၊ ၂၀၂၆
ကျောက်တော်မြို့ကို စစ်ကော်မရှင်က ယနေ့ ဇွန်လ ၁၇ ရက်နေ့တွင် ဂျက်ဖိုက်တာ ၇ စီးဖြင့် ဆက်တိုက်ဗုံးကြဲခဲ့ကြောင်း သိရသည်။
ယနေ့ ဇွန်လ ၁၇ ရက်နေ့၊ နေ့လယ် ၃ နာရီ၊ ၂ မိနစ်မှ စတင်ကာ ၃ နာရီ၊ ၂၄ မိနစ်အထိ ဂျက်ဖိုက်တာ ၇ စီးဖြင့် အကြိမ်ကြိမ် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။
“ပိုက်သည်ရပ်ကွက်နဲ့ အိန္ဒိယဈေးကို ကျတယ်ထင်တယ်။ ရတနာဆန်စက်ကိုတော့ တည့်တည့်ကျသွားတာ။ အဲ့ဘက်ကနေ မီးခိုးတွေအများကြီးထွက်နေတယ်။ ဂျက် ၇ စီးနဲ့ ပစ်သွားတာ” ဟု ကျောက်တော်မြို့ခံ ၁ ဦး က AB News သို့ ပြောသည်။
“လမ်းမတော်နဲ့ ကျောက်တော်တံတားအောက်ကိုလဲ ချတယ်လို့ ပြောသံကြားတယ်။ နေရာအတိအကျတော့ သေချာမသိရသေးဘူး။ ဒီရက်ပိုင်း လေယာဥ် ဆက်တိုက် ဝဲနေတာ။ ချမယ့်ချတော့လဲ လူစည်တဲ့ နေရာတွေ ချသွားတယ်။ လူအသေအပျောက်များလောက်တယ်” ဟု နောက်ထပ် မြို့ခံတစ်ဦးက ပြောသည်။
ထိခိုက်သေဆုံးမှုနှင့် အပျက်အစီးအခြေအနေများကို Arakan Bay News မှ ထပ်မံစုံစမ်းလျက်ရှိသည်။
ဂွမြို့နယ်ကိုလည်း စစ်ကော်မရှင်က ယမန်နေ့ ဇွန်လ ၁၅ ရက်နေ့က ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဒေသခံ ၂ ဦးမှာ သေဆုံးခဲ့ရပြီး၊ ၈ ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။
စစ်ရေးရှုံးနိမ့်နေသည့် စစ်ကော်မရှင်သည် ရက္ခိုင်ပြည်ရှိ အပြစ်မဲ့ ပြည်သူများနေထိုင်ရာ နေရာများကို ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေခြင်းဖြစ်သည်။