AB News – ဇူလိုင် ၂၁၊ ၂၀၂၆
ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ကုလားတန်မြစ်ရိုးတစ်လျှောက်ရှိ ကွမ်းအုံချောင်း နှင့် အပေါက်ဝ ကျေးရွာတို့တွင် ယခုနှစ် မိုးအဆက်မပြတ်ရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုများကြောင့် မြစ်ရေတိုက်စားမှု ပိုမိုပြင်းထန်လာကာ ကမ်းပါးပြိုကျမှုမှာ စိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းကမ်းပါးပြိုကျမှုများ ထပ်မံမဖြစ်ပွားစေရန် ရေရှည်ခံနိုင်သော ကမ်းထိန်းလုပ်ငန်းများကို အမြန်ဆုံးဆောင်ရွက်ပေးရန် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရထံ ဒေသခံများက တောင်းဆိုထားကြသည်။
ကွမ်းအုံချောင်း ကျေးရွာတွင် မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုများမှာ နှစ်စဉ်ဖြစ်ပွားလေ့ရှိပြီး ယခုနှစ် မိုးရာသီအစဖြစ်သည့် မေလအစပိုင်းမှစတင်ကာ ကမ်းပါးများ ပြိုကျလာခဲ့ကြောင်း ဒေသခံ ဦးဘသာက AB News သို့ ပြောသည်။
“ကမ်းပါးပြိုတာက ၅ လပိုင်း ၂ ရက်၊ ၃ ရက်လောက်က စပြီးပြိုတာ။ အခုရေကြီးရေလျှံဖြစ်တဲ့အချိန်မှာ ထပ်ပြီး အများကြီးပြိုကျသွားတယ်။ ကျနော်တို့ရဲ့ ဆန်စက်အနောက်ဘက်ပိုင်းပါ ပါသွားပြီ။ မြေကျွံနေလို့ မနေရဲတော့ပဲ ပြောင်းရွှေ့သွားတဲ့ အိမ်တွေလည်းရှိတယ်။ မြေက ၇ တောင်လောက် ပြိုကျပြီး ပါသွားပါပြီ” ဟု ၎င်းက ပြောသည်။
အပေါက်ဝကျေးရွာတွင်လည်း ယခုနှစ် မြစ်ရေတိုက်စားမှုကြောင့် ကျေးရွာ ဈေးကြီးအနီးရှိ ကွန်ကရစ်လမ်း၏ တစ်ဖက်ခြမ်း ပြိုကျသွားပြီးဖြစ်ကာ ထပ်မံပြိုကျလာပါက လမ်းမကြီးနှင့် ဈေးဆိုင်ခန်းများပါ ဆုံးရှုံးနိုင်ကြောင်း ဒေသခံများက ပြောသည်။
“နောက်ထပ်သာ ထပ်ပြိုလာမယ်ဆိုရင် ဆိုင်ခန်းတွေပါ ပါသွားနိုင်ပါတယ်။ နှစ်တိုင်းပြိုလာတာပါ။ ဆိုင်ခန်းတွေလည်း တဖြည်းဖြည်း နည်းလာပြီ။ ကမ်းပါးနားမှာပဲ ရောင်းချနေရတာဖြစ်လို့ စိုးရိမ်ပါတယ်။ ဒီကမ်းပါးကို တစ်ခါတည်း ခိုင်ခိုင်မာမာလုပ်ပေးစေချင်ပါတယ်။ နောင်လာနောက်သားတွေအတွက်လည်း အဆင်ပြေအောင် ဆောင်ရွက်ပေးဖို့ တောင်းဆိုချင်ပါတယ်” ဟု ဒေသခံ ဒေါ်ဌေးဌေးက AB News သို့ ပြောသည်။
ဒေသခံများ၏ ပြောကြားချက်အရ ကုလားတန်မြစ်ရေတိုက်စားမှုကြောင့် အပေါက်ဝကျေးရွာတွင် လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ အတွင်း လူနေအိမ်နှင့် ဈေးဆိုင်ခန်းပေါင်း ၈၀၀ ကျော် ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
ယခင်က အဆိုပါနေရာသည် မြစ်လယ်ခေါင်အထိ မြေသားကျယ်ဝန်းခဲ့ပြီး ဘောလုံးကွင်းများ၊ စာကြည့်တိုက်များ၊ ဈေးဆိုင်ခန်းများနှင့် လူနေအိမ်များစွာ တည်ရှိခဲ့သော်လည်း နှစ်စဉ်မြစ်ရေ တိုက်စားမှုများကြောင့် မြေသားများ တဖြည်းဖြည်း ဆုံးရှုံးလာခဲ့ကြောင်း ဒေသခံများက ဆိုသည်။
ဒေသခံများ၏ အဆိုအရ စစ်ကော်မရှင်လက်ထက်တွင် ကမ်းပြိုကာကွယ်ရေးစီမံကိန်းများကို အကောင်အထည် ဖော်ခဲ့ဖူးသော်လည်း တည်ဆောက်မှု အရည်အသွေးနှင့် နည်းပညာပိုင်း အားနည်းမှုများကြောင့် မြစ်ရေတိုက်စားမှုကို ထိရောက်စွာ မတားဆီးနိုင်ဘဲ ကမ်းပါးများ ဆက်လက်ပြိုကျခဲ့သည်ဟု သိရသည်။
“ဒီကမ်းပါးမှာ အရင် စစ်ကော်မရှင်လက်ထက် လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က ကမ်းပြိုစီမံကိန်းလုပ်ခဲ့တယ်။ မိုင်းခွဲကျောက်တွေချတာ၊ သံဇကာကာတာ၊ အုန်းပင်စိုက်တာတွေ လုပ်ခဲ့ပေမယ့် မအောင်မြင်ဘူး။ နောက်ပိုင်း အာစီတိုင်တွေကို ပေ ၄၀ အနက်အထိ စိုက်တယ်လို့ ပြောပေမယ့် ဆောင်ရွက်မှုတွေ မခိုင်မာတော့ တစ်နှစ်၊ နှစ်နှစ်အကြာမှာ ပြန်ပြိုကျသွားတာပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။
ဒေသခံများက ကုလားတန်မြစ်တစ်လျှောက် ကမ်းပါးပြိုကျမှုများကို အချိန်မီ မထိန်းသိမ်းနိုင်ပါက လူနေအိမ်များ၊ ဈေးဆိုင်ခန်းများနှင့် အခြေခံအဆောက်အအုံများ ထပ်မံဆုံးရှုံးရနိုင်သည့်အပြင် ဒေသခံများ၏ နေထိုင်ရေးနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအပေါ်လည်း ထိခိုက်မှုများ ပိုမိုကြီးမားလာနိုင်ကြောင်း စိုးရိမ်နေကြသည်။
ထို့ကြောင့် မြစ်ကြောင်းနှင့် မြေပြင်အခြေအနေများကို သေချာလေ့လာထားသည့် သက်ဆိုင်ရာပညာရှင်များ၏ အကြံဉာဏ်များဖြင့် ရေရှည်တည်တံ့နိုင်သော ကမ်းထိန်းလုပ်ငန်းများကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရထံ ဒေသခံများက တိုက်တွန်း တောင်းဆိုထားကြောင်း သိရသည်။







