AB News – ဇူလိုင် ၂၀၊ ၂၀၂၆
ရက္ခိုင်ပြည်အတွင်း စစ်ကော်မရှင်တပ်၏ ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားနေခြင်းသည် ငြိမ်းချမ်းရေးဖိတ်ခေါ်မှုများနှင့် တွေ့ဆုံဆွေးနွေးရေး ကြိုးပမ်းမှုများ၏ ယုံကြည်စိတ်ချရမှုအပေါ် မေးခွန်းထုတ်စရာ ဖြစ်လာကြောင်း AA က ဇူလိုင် ၁၉ ရက်တွင် ပြောဆိုလိုက်သည်။
AA ၏ ထုတ်ပြန်ချက်အရ စစ်ကော်မရှင်သည် ရက် ၁၀၀ အတွင်း ငြိမ်းချမ်းရေးဖိတ်ခေါ်မှုများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေသော်လည်း လက်တွေ့တွင် လေကြောင်းတိုက်ခိုက်မှုများနှင့် စစ်ရေးထိုးစစ်များ ဆက်လက်ဖြစ်ပွားနေသဖြင့် အပြောနှင့် အလုပ် မည်မျှထပ်တူကျမှုရှိသည် ဆိုသည့်အပေါ် မေးခွန်းထုတ်စရာများ ရှိနေကြောင်း ဖော်ပြထားသည်။
AA က “အခုလို ဗုံးကြဲတိုက်ခိုက်နေတဲ့ လုပ်ရပ်တွေဟာ ရက် ၁၀၀ အတွင်း ပြောဆိုနေတဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်သံတွေနဲ့ တွေ့ဆုံဆွေးနွေးနေမှုတွေအတွက် အပြောနဲ့ အလုပ် ဘယ်လောက်အထိ ထပ်တူကျမှုရှိသလဲဆိုတဲ့အပေါ် မေးခွန်းထုတ်စရာတွေ ရှိနေတယ်ဆိုတာ အထင်အရှားပါပဲ” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
AA ၏ ထုတ်ပြန်ချက်မတိုင်မီ ဇူလိုင် ၁၉ ရက် တစ်ရက်တည်းအတွင်း စစ်ကော်မရှင်တပ်က ရက္ခိုင်ပြည်ရှိ မအီမြို့၊ သံတွဲမြို့နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့ကို လေကြောင်းမှ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
AA ၏ စာရင်းအရ မအီမြို့တွင် အရပ်သား ၅ ဦး သေဆုံးခဲ့ပြီး သံဃာတော် ၁ ပါးနှင့် ကလေးငယ်များအပါအဝင် အရပ်သား ၂၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
သံတွဲမြို့တွင် ဂျက်တိုက် လေယာဉ်များဖြင့် ၅ ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်မှုနှင့် စက်သေနတ် ပစ်ခတ်မှုများကြောင့် အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပုဏ္ဏားကျွန်းမြို့နယ် တောင်ပေါက်ဘုန်းကြီးကျောင်းအနီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် သံဃာတော် ၂ ပါးနှင့် အရပ်သား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ဇူလိုင် ၁၉ ရက် တစ်ရက်တည်း ဖြစ်ပွားခဲ့သည့် အဆိုပါ လေကြောင်း တိုက်ခိုက်မှုများကြောင့် အရပ်သား ၅ ဦး သေဆုံးခဲ့ပြီး ရဟန်းသံဃာတော် ၃ ပါးနှင့် အရပ်သားပြည်သူ စုစုပေါင်း ၂၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA ) အနေဖြင့် စစ်ကော်မရှင်တပ်၏ ထိုးစစ်များကို အာရက္ခပြည်သူတစ်ရပ်လုံးနှင့်သာမက မိမိတို့အား ယုံကြည်လေးစား အားကိုးတန်ဖိုးထားသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် နယ်မြေချင်းထိစပ်နေသော မိတ်ဖက်အဖွဲ့အစည်းများနှင့် အတူတကွ လက်တွဲကာ ဆက်လက်တုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
Photo – Hein Tun/ AB News

