
AB News – အောက်တိုဘာ ၂၀၊ ၂၀၂၆
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှစတင်ကာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သတင်းထောက် စုစုပေါင်း ၂၃၀ ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး၊ ယင်းတို့အနက် ၁၃ ဦး သေဆုံးကာ ၁၈ ဦးမှာ ယခုအချိန်အထိ ဆက်လက် ထိန်းသိမ်းခံထားရဆဲ ဖြစ်ကြောင်း “အသံ” (Athan) အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ထုတ်ပြန်ချက်အရ ဆက်လက် ထိန်းသိမ်းခံထားရသည့် သတင်းထောက်များအနက် ၁၇ ဦးမှာ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရပြီး၊ ၎င်းတို့အနက် အများစုဖြစ်သော ၁၅ ဦးမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် စွဲချက်တင် အကျဉ်းချခံထားရခြင်း ဖြစ်သည်။
ထို့အပြင် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လမှ စက်တင်ဘာလအထိ ၃ လတာ ကာလအတွင်း သတင်းမီဒီယာသမားများ ထပ်မံဖမ်းဆီးခံရခြင်း သို့မဟုတ် ဖမ်းဆီးထိန်းသိမ်းခံထားရသူများ ပြန်လည်လွတ်မြောက်လာခြင်း တစ်စုံတစ်ရာ မရှိသေးကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံအတွင်း မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသည့် သတင်းထောက်များအားလုံး အမြန်ဆုံး လွတ်မြောက်ရေးနှင့် သတင်းလွတ်လပ်ခွင့် ဖော်ဆောင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပြည်သူများက ဝိုင်းဝန်းတောင်းဆိုမှုများ ဆက်လက်ပြုလုပ်ကြရန် “အသံ” အဖွဲ့က တိုက်တွန်း ထုတ်ပြန်ထားသည်။
ပုံ – RFA