
AB News – ဩဂုတ် ၃၀၊ ၂၀၂၆
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်း ယခုနှစ် ဩဂုတ်လ ၂၀ ရက်နေ့အထိ စာရင်းဇယားများအရ ဝင်ရောက်ခိုလှုံနေသည့် ဒုက္ခသည် စုစုပေါင်း ၃၈,၂၁၃ ဦး ရှိသည့်အနက် မြန်မာနိုင်ငံသား ၂၉,၅၇၅ ဦးအထိ ပါဝင်ကြောင်း မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဝန်ကြီး Pu K. Sapdanga က ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ပြည်နယ်လွှတ်တော် အစည်းအဝေး မေးခွန်းထုတ်ပွဲတွင် ဝန်ကြီးက စာဖြင့် တရားဝင် ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်ပြီး မီဇိုရမ်ပြည်နယ်အတွင်း ခိုလှုံနေသူများအနက် မြန်မာနိုင်ငံသား ၂၉,၅၇၅ ဦး၊ မဏိပူရ်ပြည်နယ်ဘက်မှ ဝင်ရောက်လာသူ ၆,၉၅၉ ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ဝင်ရောက်လာသူ ၁,၆၇၉ ဦး ရှိကြောင်း သိရသည်။
ထို့အပြင် ပြည်နယ်အတွင်း ရောက်ရှိနေသည့် မြန်မာဒုက္ခသည်များ၏ Biometric (လက်ဗွေ/မျက်လုံး မှတ်ပုံတင်ခြင်း) လုပ်ငန်းမှာ ၉၈.၉၀ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဒုက္ခသည်များအတွက်မူ ၁၀၀ ရာခိုင်နှုန်း အပြည့် ပြီးစီးခဲ့ပြီဟု ပြည်ထဲရေးဝန်ကြီးက ဆိုသည်။
လက်ရှိတွင် ပြည်နယ်အစိုးရအနေဖြင့် ခရိုင်အသီးသီးရှိ အုပ်ချုပ်ရေးမှူး (DC) များမှတစ်ဆင့် ကူညီစောင့်ရှောက်ရေး စခန်းများ (Relief Camps) ဆောက်လုပ်ပေးခြင်း၊ အခြေခံစားနပ်ရိက္ခာနှင့် အကူအညီများ ထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။ ဒုက္ခသည်များ စောင့်ရှောက်ရေးအတွက် ပြည်နယ်အစိုးရဘက်မှ ရူပီး ၂၈ သန်းကျော် (Rs 2,85,39,611) သုံးစွဲထားပြီး ဖြစ်ကြောင်းလည်း သိရသည်။
ဒုက္ခသည်များ ကိစ္စနှင့် ပတ်သက်၍ အိန္ဒိယဗဟို ပြည်ထဲရေးဝန်ကြီးဌာန (Ministry of Home Affairs) ထံမှ လတ်တလော အမိန့်နှင့် ညွှန်ကြားချက်အသစ် ထပ်မံထုတ်ပြန်ထားခြင်း မရှိသေးကြောင်း မီဇိုရမ်ပြည်ထဲရေးဝန်ကြီး Pu K. Sapdanga က ထည့်သွင်းပြောကြားခဲ့သည်။
Ref: AIRNewsAizawl