
AB News – ဩဂုတ် ၁၁၊ ၂၀၂၆
မလေးရှားနိုင်ငံ၊ တာရင်ဂါနူပြည်နယ်၊ ကီမာမန် (Kemaman) ခရိုင်တွင် အသက် ၂၃ နှစ်အရွယ် ဉာဏ်ရည်မသန်စွမ်း အမျိုးသမီးတစ်ဦးအား လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံရသည့် မူဆလင် အမျိုးသား ၃ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သိရသည်။
ဖမ်းဆီးခံထားရသူများမှာ အသက် ၁၉ နှစ်မှ ၂၈ နှစ်အတွင်းရှိသူများဖြစ်ပြီး ဆောက်လုပ်ရေးနှင့် သန့်ရှင်းရေးလုပ်ငန်းများတွင် လုပ်ကိုင်သူများဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ မူဆလင် အမျိုးသား ၃ ဦးကို မလေးရှားရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၇၆ (မုဒိမ်းမှု) ဖြင့် ဩဂုတ် ၈ ရက်မှ ၁၂ ရက်အထိ ၅ ရက်ကြာ ချုပ်မိန့်ဖြင့် ထိန်းသိမ်းထားပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။
Terengganu ပြည်နယ်ရဲချုပ် Datuk Mohd Khairi Khairudin က လက်ရှိအချိန်တွင် သံသယရှိသူ မူဆလင် အမျိုးသား ၃ ဦးကို ဖမ်းဆီးထားကြောင်း ပြောကြားခဲ့ပြီး ဖြစ်စဉ်တွင် ထပ်မံပါဝင်ပတ်သက်နိုင်သူများ ရှိ၊ မရှိကိုလည်း စုံစမ်းဖော်ထုတ်နေကြောင်း ပြောဆိုသည်။
ထို့အပြင် အမှုကို သေချာစွာ စုံစမ်းစစ်ဆေးရန် လိုအပ်သည့်အပြင် လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရသည်ဟု စွပ်စွဲခံထားရသူမှာ ဉာဏ်ရည်မသန်စွမ်းသူဖြစ်သည့်အတွက် ၎င်း၏အခြေအနေကို ထည့်သွင်းစဉ်းစားကာ လုံလောက်သည့်အချိန်ပေးရန် လိုအပ်ကြောင်း ရဲချုပ်က ပြောကြားခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ အတည်မပြုနိုင်သည့် သတင်းများနှင့် ကောလာဟလများ ဖြန့်ဝေခြင်းမပြုရန်၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များကို လက်လွတ်စပယ် မကျင့်သုံးရန်လည်း ရဲတပ်ဖွဲ့က ပြည်သူများအား အသိပေးထားကြောင်း သိရသည်။
လက်ရှိတွင် အမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေဆဲဖြစ်ပြီး ဖမ်းဆီးခံထားရသူများအပေါ် စွဲချက်တင်ခြင်းရှိ၊ မရှိကို စုံစမ်းစစ်ဆေးမှုရလဒ်များအပေါ် မူတည်၍ ဆက်လက်ဆုံးဖြတ်သွားမည်ဖြစ်သည်။