သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘင်္ဂလားဒေ့ရှ်ရှိ လူကုန်ကူးမှုဖြစ်စဉ်တွင် RCPR ခေါင်းဆောင် Dil Mohammad ပါဝင် ပတ်သက်နေကြောင်း မူဆလင်လူငယ်များ စွပ်စွဲ

​AB News – ဧပြီ ၂၅၊ ၂၀၂၆

​ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းအတွင်း ဖြစ်ပွားခဲ့သည့် လူကုန်ကူးမှုဖြစ်စဉ်တွင် ငြိမ်းချမ်းရေးနှင့် ပြန်လည်ပို့ဆောင်ရေး ကော်မတီ (RCPR) ၏ ခေါင်းဆောင် Dil Mohammad ပါဝင်ပတ်သက်နေသည်ဟု မူဆလင်လူငယ်များ၏ စွပ်စွဲပြောဆိုချက်များ လူမှုကွန်ရက်ပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့် ပျံနှံ့နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁၃ ရက်နေ့ နံနက်ပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနာဖ် (Teknaf) မြို့နယ်မှ လူဦးရေ ၁,၂၀၀ ခန့် တင်ဆောင်လာသည့် စက်လှေကြီး (၃) စီးသည် မလေးရှားနိုင်ငံသို့ ဦးတည်ထွက်ခွာခဲ့သည်။

ယင်းသို့ထွက်ခွာစဉ် ကပ္ပလီပင်လယ်ပြင် (Andaman Sea) အရောက်တွင် သဘာဝဘေးအန္တရာယ်ကြောင့် စက်လှေတစ်စီး နစ်မြုပ်ခဲ့ကာ လူ ၄၀၀ နီးပါး ပျောက်ဆုံးနစ်မြုပ်ခဲ့ရသည်။

အဆိုပါ စက်လှေနစ်မြုပ်မှုမှ ကံကောင်းထောက်မစွာ အသက်ရှင်ကျန်ရစ်သူ Mohammad Ullah က သတင်းဌာနများနှင့် အင်တာဗျူးရာတွင် RCPR အဖွဲ့ခေါင်းဆောင် Dil Mohammad သည် ဤလူကုန်ကူးမှုဖြစ်စဉ်တွင် အဓိက ပါဝင်ပတ်သက်နေသူဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

Dil Mohammad သည် ARSA အကြမ်းဖက်အဖွဲ့၏ ခေါင်းဆောင်တစ်ဦးလည်းဖြစ်ကြောင်း သတင်းရင်းမြစ်အချို့က ဆိုသည်။

RCPR (Rohingya Committee for Peace and Repatriation) အဖွဲ့သည် ကုလသမဂ္ဂ (UN) ၏ အစီအစဉ်ဖြင့် မူဆလင်ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးအတွက် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

သို့သော် အဆိုပါအဖွဲ့သည် မြန်မာ စစ်ကော်မရှင်နှင့် နီးကပ်သော ဆက်ဆံရေးရှိနေပြီး ရက္ခိုင်ပြည်၊ မောင်တောတိုက်ပွဲများ မတိုင်မီကလည်း ဒုက္ခသည်စခန်းများမှ မူဆလင်လူငယ်များကို မြန်မာစစ်တပ်အတွက် အင်အားဖြည့်တင်းရန် စုဆောင်းပေးခဲ့သည့် တရားခံဖြစ်ကြောင်း စွပ်စွဲချက်များ ရှိနေသည်။

ယခုကဲ့သို့ ဒုက္ခသည်စခန်းများအတွင်း လူကုန်ကူးမှုနှင့် အခြားမသင်္ကာဖွယ်ရာ လှုပ်ရှားမှုများတွင် ပါဝင်ပတ်သက်နေသည့် Dil Mohammad နှင့် ၎င်း၏အဖွဲ့အပေါ် ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် တစ်စုံတစ်ရာ ထိရောက်စွာ အရေးယူဆောင်ရွက်ခြင်း မရှိသေးကြောင်း ဒေသခံများက ဝေဖန်လျက်ရှိသည်။

​လက်ရှိတွင် RCPR အဖွဲ့၏ ရုံးချုပ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇား (Cox’s Bazar) ခရိုင်၊ တက္ကနာဖ်မြို့နယ်ရှိ နေယာပါရာ (Nayapara-Mochoni) ဒုက္ခသည်စခန်း အမှတ် (၂၆) တွင် ဖွင့်လှစ်ထားကြောင်း သိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ