သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပဲခူးရိုးမအစပ်ရှိ ကပစ ၁၆ ၏ အဓိကအမာခံ ပွိုင့် ၅၀၀ ဗျူဟာကုန်းကို AA ဝိုင်းဝန်းပိတ်ဆို့ထား


 
AB News – မေ ၁၅၊ ၂၀၂၆
 
ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်အတွင်းရှိ အမှတ် ၁၆ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၆) ၏ အဓိကအမာခံဗျူဟာကုန်းဖြစ်သော ပွိုင့် ၅၀၀ (Point 500) ကို အာရက္ခတပ်တော် (AA) နှင့် တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက အလုံးစုံဝိုင်းဝန်းပိတ်ဆို့ထားပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များအရ သိရသည်။
 
စစ်ကော်မရှင်ဘက်က လေကြောင်းပစ်ကူနှင့် ဒရုန်းများကို အဆက်မပြတ်အသုံးပြု၍ ခုခံနေသည့်ကြားမှပင် AA က ပွိုင့် ၅၀၀ ဗျူဟာကုန်းပတ်လည်ရှိ ခံစစ်စခန်းနှင့် ကာကင်းစခန်းအားလုံးကို သိမ်းပိုက်လိုက်ပြီးနောက် ဤကဲ့သို့ ဗျူဟာကုန်းကို ဝိုင်းပတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
 
မေလ ၄ ရက်နေ့မှ ၇ ရက်နေ့အထိ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း ကာကင်းစခန်း ၄ ခုကို အာရက္ခတပ်တော်က စတင်သိမ်းပိုက်နိုင်ခဲ့ပြီး အဆိုပါတိုက်ပွဲများ၌ စစ်ကော်မရှင်ဘက်မှ အလောင်း ၂၀ ကျော်နှင့် လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
 
မေလ ၁၀ ရက်နေ့မှ စတင်၍ ကျန်ရှိနေသော ခံစစ်စခန်းများကို လေကြောင်းတိုက်ခိုက်နေသည့်ကြားမှ ထပ်မံထိုးစစ်ဆင်ခဲ့ရာ တိုက်ပွဲအတွင်း ဒဏ်ရာရရှိသူများနှင့် အသက်ဘေးမှ လွတ်မြောက်လာသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် လက်ရှိတွင် ပွိုင့် ၅၀၀ ဗျူဟာကုန်းအတွင်းသို့ ဆုတ်ခွာသွားကြပြီး အစုလိုက်အပြုံလိုက် ပိတ်မိနေသည့် အခြေအနေဖြစ်နေကြောင်း သိရသည်။
 
ပွိုင့် ၅၀၀ ဗျူဟာကုန်းမှာ ကပစ ၁၆ စက်ရုံကြီးကို အဓိကကာကွယ်ပေးထားသည့် ဗျူဟာမြောက်ကုန်းဖြစ်သဖြင့် ယင်းကုန်း ကျဆုံးသွားပါက စက်ရုံအတွင်းသို့ AA က တိုက်ရိုက်ဝင်ရောက်နိုင်မည့် အခြေအနေရှိနေသည်။
 
 ထို့ကြောင့် စစ်ကော်မရှင်တပ်သည် မေလပထမအပတ်မှ စတင်ကာ ကပစ ၁၆ နှင့် ဆင်လမ်အထိုင်စခန်းများတွင် အင်အားထောင်နှင့်ချီ၍ ထပ်မံဖြည့်တင်းထားကြောင်း သတင်းရင်းမြစ်များက ဆိုကြသည်။
 
အင်အားဖြည့်တင်းရန် ရောက်ရှိလာသည့် မော်တော်ယာဉ်တန်းများဖြင့် ကပစ ၁၆ အတွင်းမှ အရာရှိမိသားစုများကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်တစ်ခုက ပြောဆိုသည်။
 
လက်ရှိတွင် ပွိုင့် ၅၀၀ ကုန်းပေါ်၌ ပိတ်မိနေသော စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ရိက္ခာနှင့် ခဲယမ်းပြတ်လပ်မှုကြောင့် ရေရှည်တောင့်ခံနိုင်ရန် ခဲယဉ်းနေကြောင်း သုံးသပ်မှုများ ရှိနေသည်။
 
ထို့အပြင် စစ်မှုထမ်းဥပဒေဖြင့် စုဆောင်းထားသည့် တပ်သားသစ်များမှာလည်း တိုက်ပွဲအတွင်း ထွက်ပြေးမှုများ ဆက်တိုက်ရှိနေကြောင်း သိရသည်။
 
တောင်ကုတ်ရိုးလမ်းရှိ ညောင်ကျိုးဘက်တွင်လည်း စစ်ကော်ရှင်ဘက်က စစ်ကြောင်းထိုးနေပြီး လေလာတောင်အနီးတွင် AA နှင့် စစ်ကော်မရှင်တို့အကြား မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် ရက္ခိုင်နှင့် ပဲခူးရိုးမအစပ် ဒေသများတွင် စစ်ရေးအခြေအနေ ပိုမိုတင်းမာလျက် ရှိသည်။
 

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ