သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အာရက္ခဒေသတွင် မိုးရာသီအကြို သွေးလွန်တုပ်ကွေးကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် လုပ်ဆောင်နေ


AB News – မေ ၁၄၊ ၂၀၂၆

မိုးရာသီကာလသို့ ရောက်ရှိလာတော့မည်ဖြစ်၍ အာရက္ခဒေသအတွင်း ခြင်ကျားမှတဆင့် ကူးစက်တတ်သည့် သွေးလွန်တုပ်ကွေးရောဂါ (Dengue Hemorrhagic Fever) ဘေးအန္တရာယ်မှ ပြည်သူများ ကင်းဝေးစေရန်အတွက် အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဦးဆောင်ကာ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် လုပ်ဆောင်နေကြောင်း သိရသည်။

လက်ရှိတွင် ကျန်းမာရေးဌာနနှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်းကာ ပြည်သူများ၏ နေအိမ်များသို့ တစ်အိမ်တက်ဆင်း လိုက်လံ၍ ကျန်းမာရေးအသိပညာပေးခြင်း၊ အဘိတ် (Abate) ဆေးခတ်ခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများကို လုပ်ဆောင်လျက်ရှိသည်။

အာရက္ခပြည်သူ့ကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်အရ သွေးလွန်တုပ်ကွေးရောဂါသည် အသက် (၁၅) နှစ်အောက် ကလေးငယ်များတွင် ပိုမိုဖြစ်ပွားလေ့ရှိပြီး အသက်အန္တရာယ်စိုးရိမ်ရသည့်အတွက် မိဘပြည်သူများအနေဖြင့် မိမိတို့နေအိမ်များတွင် ကိုယ်တိုင်ပူးပေါင်းပါဝင်ဆောင်ရွက်ရန် တိုက်တွန်းထားသည်။

အဆိုပါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းစဉ်များတွင် ခြင်ကျားပေါက်ဖွားနိုင်သည့် ရေကန်၊ ရေအိုးများကို ဖုံးအုပ်ခြင်း၊ ရေလဲလှယ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်ခိုအောင်းနိုင်သည့် ခြုံနွယ်များကို ရှင်းလင်းခြင်း အပါအဝင် လုပ်ငန်းစဉ် ၁၁ ရပ်ကို အဓိကထား လုပ်ဆောင်ရန် ညွှန်ကြားထားသည်။

“သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး၊ အားလုံးပူးပေါင်း ဆောင်ရွက်ပေး” ဟူသော ဆောင်ပုဒ်နှင့်အညီ ပြည်သူများအနေဖြင့် မိမိတို့၏ ကလေးငယ်များတွင် အဖျားကြီးခြင်း၊ ခန္ဓာကိုယ်၌ အနီစက်များထွက်ခြင်း၊ မှိန်းနေခြင်းနှင့် နှာခေါင်း၊ သွားဖုံးများမှ သွေးယိုခြင်းစသည့် သံသယလက္ခဏာများ တွေ့ရှိရပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများသို့ အမြန်ဆုံး သွားရောက်ပြသကြရန် ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲက အသိပေးနှိုးဆော်ထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ