
AB News – ဧပြီ ၁၉၊ ၂၀၂၆
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်တွင် ဝက်သက် (Measles) ရောဂါ ကူးစက်ပျံ့နှံ့မှုဖြစ်ပွားနေခြင်းမှာ တစ်ပတ်ကျော်ခန့် ကြာမြင့်နေ၍ ရက္ခိုင်ပြည်ဘက်သို့ ကူးစက်မပြန်ပွားစေရန် အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ ပြည်သူလူထုအနေဖြင့် လိုက်နာဆောင်ရွက်ရန် အချက်အလက်များကို ဆောင်ပုဒ်များဖြင့် နှိုးဆော်တိုက်တွန်းထားသည်။
ဘင်္ဂလားဒေ့ရှ်ဘက်တွင် ဝက်သက်ရောဂါ ကူးစက်ပြီး သေဆုံးလူနာများ ရှိနေကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်နှင့် ရက္ခိုင်ပြည် နယ်စပ်မှ မြို့များဖြစ်သည့် မောင်တော၊ ဘူးသီးတောင် အပါအဝင် ရသေ့တောင်၊ ပေါက်တောမြို့အတွင်းက ဒေသခံပြည်သူများနှင့် ပလက်ဝဒေသမှ ပြည်သူများအနေဖြင့် အထူးသတိပြုကြရန် တိုက်တွန်းထားသည်ကို တွေ့ရသည်။
အဆိုပါ ဝက်သက်ရောဂါမှာ ကူးစက်မြန်ရောဂါတစ်ခုဖြစ်ပြီး လေထုတဆင့်ကူးစက်စေနိုင်ပြီး အသက်အရွယ်မရွေး ကူးစက်နိုင်ကာ ကာကွယ်ဆေး မထိုးရသေးသည့် ကလေးငယ်များဆိုလျှင် အသက်အန္တရာယ်ပါ စိုးရိမ်ရကြောင်း သိရှိရသည်။
ကူးစက်ခံရပါက ဖျားနာခြင်း၊ ချောင်းဆိုးနှာရည်ယိုခြင်း၊ မျက်လုံးများနီရဲပြီး မျက်ရည်ပူယိုခြင်း၊ ဖျားနာ ၃/၄ရက်အကြာ ခန္ဓာကိုယ်ပေါ်တွင် အနီစက်ကလေးများ၊ အဖုပိမ့်များထွက်ခြင်းစသည့် ရောဂါလဏ္ခာများပြတတ်သည်။
ရောဂါကူးစက်ခံသည့် သံသယရှိလာပါက မိမိနေအိမ်တွင်မကုသဘဲ သက်ဆိုင်ရာ ကျေးရွာ၊ မြို့နယ် အလိုက် ဆေးရုံ၊ ဆေးခန်း၊ နီးစပ်ရာကျန်းမာရေးဌာနများသို့ သွားရောက်ဆေးကုသမှုခံယူကြရန် တိုက်တွန်းထားသည်။
၎င်း ဝင်သက်ရောဂါကာကွယ်ရန်အတွက် ဝက်သက်ရောဂါ ကာကွယ်ဆီးထိုးနှံခြင်း ဝက်သက်ရောဂါပိုးရှိသူ၊ ဝက်သက်ပေါက်သူတို့ အနီးအနားမနေရန်၊ လူစုလူဝေးသို့ မသွားလာကြရန်၊ သွားလာပါက နှာခေါင်းစည်း Mask တပ်ရန်၊ အပြင်မှ အိမ်ပြန်လာတိုင်းနှင့် အစာစားခါနီးတိုင်း လက်ကို ဆပ်ပြာနှင့် အသေအချာဆေးကြောရန် အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ တိုက်တွန်းနှိုးဆော်ထားသည်။