
AB News – မေ ၂၁၊ ၂၀၂၆
ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်နှင့် မြေပုံမြို့နယ်တို့တွင် ပြီးခဲ့သည့် မေလ ၁၈ ရက်နေ့ တစ်ရက်အတွင်း စစ်ကျန်မိုင်းပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ ၁၈ ရက်နေ့၊ ညနေပိုင်းအချိန်က မောင်တောမြို့နယ်တွင် စစ်ကျန်မြေမြှုပ်မိုင်းနင်းမိ၍ အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ဖြစ်စဥ်မှာ မောင်တောမြို့နယ်၊ ချီတာပါရာရွာမှ အသက် ၄၆ နှစ် အရွယ် ဦးခင်မောင်နိုင် သည် လေးမိုင်ကျေးရွာ၌ စိုက်ပျိုးရေးသုံး ပစ္စည်းများ သိုလောင်ထားသည့်နေရာအနီးတွင် မြက်ရှင်းနေစဥ် စစ်ကျန်မိုင်းနင်းမိခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်ကျန်မိုင်းပေါက်ကွဲမှုကြောင့် ဦးခင်မောင်နိုင်မှာ ညာဖက်ခြေထောက်မှ ခြေချောင်းများ ပြတ်ထွားသွားခဲ့ကြောင်း သိရသည်။
အလားတူ အဆိုပါ တစ်ရက်တည်းတွင် မြေပုံမြို့နယ်၊ မောင်းချောင်းရွာမှ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဝါးခုတ်သွားစဥ် စစ်ကျန်မိုင်းကွဲခဲ့ကြောင်းလည်း သိရသည်။
၎င်းပေါက်ကွဲမှုကြောင့် အသက် ၄၀ အရွယ် ဦးမောင်ဝင်းလှိုင်မှာ ခြေတစ်ဖက် ပြတ်ထွက်သွားခဲ့ရကြောင်း သိရသည်။
ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သောနေရာများမှာ ယခင်က စစ်ကော်မရှင်တပ်များ တပ်စွဲခဲ့သော နေရာများဖြစ်ပြီး ယင်းနေရာများတွင် မြေမြုပ်မိုင်းများ အမြှောက်အများ ထောင်ထားခဲ့ကြောင်း ဒေသခံများကဆိုသည်။
ထို့ပြင် ပြီးခဲ့သည့် ဧပြီ ၂၇ ရက်နေ့တွင် စစ်ကျန်မိုင်းပေါက်ကွဲမှုကြောင့် မောင်တောမြို့နယ်၊ လေးမိုင်ရွာမှ အသက် (၁၁) နှစ်အရွယ် မာဟူဒိမ်မှာ ခြေတစ်ဖက် ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
လက်ရှိတွင် ရက္ခိုင်ပြည်အတွင်း အာရက္ခတပ်တော်က မိုင်းရှင်းလင်းရေးလုပ်ငန်းများကို ဆက်တိုက်လုပ်ဆောင်နေသော်လည်း ဒေသခံပြည်သူများမှာ မြေမြှုပ်မိုင်း အန္တရာယ်ကို ရင်ဆိုင်နေကြရဆဲ ဖြစ်သည်။