AB News – ဇွန် ၂၄၊ ၂၀၂၆
မြန်မာနိုင်ငံတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွင်း ကျောင်းဖွင့်ချိန်၌ အကြောင်းအမျိုးမျိုးကြောင့် အခြေခံပညာသင်ယူခွင့်ဆုံးရှုံးနေသူ ၆ ဒသမ ၃ သန်းကျော်အထိ ရှိလာကြောင်း ISP Myanmar ၏ စစ်တမ်းအရ သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းပါ အချက်အလက်များအရ အခြေ ခံပညာသင်ယူရမည့် ကျောင်းနေအရွယ်ဦးရေ ခန့်မှန်းချက်မှာ ၁၃ သန်းဝန်းကျင်ရှိသော်လည်း ယခုနှစ် ပညာသင်နှစ်အတွင်းကျောင်းအပ်နှံသူဦးရေ ၆ ဒသမ ၇ သန်းသာရှိကြောင်း သိရသည်။
ထို့ပြင် အစိုးရကျောင်းများတွင် ယခုနှစ်မှစ၍ အတန်းဝင်ခွင့်စာမေးပွဲ (placement test) များကို ပြုလုပ်ပေးသော်လည်း အသက်အရွယ် ကန့်သတ်ထားပြီး မူလတန်းနှင့် အလယ်တန်းကိုသာ အဓိကရည်ရွယ်ထားခြင်းကြောင့် အထက်တန်းအရွယ်များမှာ အကျပ်ဆိုက်နေရကြောင်း ဖော်ပြထားသည်။
အလားတူ စစ်ရှောင်လာသော မိသားစုများမှ ကျောင်းသား၊ ကျောင်းသူများမှာလည်း ကျောင်းထွက်လက်မှတ်မရှိခြင်း၊ ကျောင်းပြောင်းလက်မှတ်မရှိခြင်းတို့ကြောင့် ကျောင်းမအပ်နိုင်ဘဲ အခက်အခဲများ ရှိနေကြောင်း သိရသည်။
စစ်ခေါင်းဆောင်ဟောင်း ဦးမင်းအောင်လှိုင်သည် ပညာရေးဘဏ္ဍာငွေကို လာမည့်ဘဏ္ဍာနှစ်တွင် ၁၀ ရာခိုင်နှုန်းအထိတိုးမြှင့် သုံးစွဲသွားမည်ဖြစ်ဖြစ်ကြောင်းနှင့် ၎င်းတာဝန်ယူမည့် ၅ နှစ်တာ ကာလအတွင်း ၂၀ ရာခိုင်နှုန်း အထိတိုးမြှင့်ရန် စီစဥ်နေကြောင်း ပြောကြားထားသည်။
တဖက်တွင်လည်း အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ၏ ထုတ်ပြန်ချက်အရ ၂၀၂၃ – ၂၀၂၄ ပညာသင်နှစ်အတွင်း ကျောင်းသားဦးရေ ၇ သိန်းကျော်ကို ပညာသင်ကြားပေနိုင်ခဲ့ကြောင်း သိရသည်။



