သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောတွင် စည်ပင်သာယာရေးဌာနမှ ရေပိုက်များ ပြုပြင်ပြီး မြို့သန့်ရှင်းရေး ဆောင်ရွက်

​AB News – မတ် ၁၆၊ ၂၀၂၆

​မောင်တောခရိုင်အတွင်းရှိ ဒေသခံများ သန့်ရှင်းသော သောက်သုံးရေ ပုံမှန်ရရှိစေရေးနှင့် မြို့သန့်ရှင်းရေး အဆင့်မြှင့်တင်ရန်အတွက် မြို့နယ်စည်ပင်သာယာရေးဌာနက ဦးစီး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

​ပြီးခဲ့သည့် သီတင်းပတ်အတွင်းက မောင်တောမြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာအချို့တွင် ရေဖြန့်ဝေမှု ပြတ်တောက်ခဲ့ခြင်းကြောင့် ဒေသခံများ ရေအခက်အခဲနှင့် ရင်ဆိုင်ခဲ့ရသည်။

မြို့ခံတစ်ဦးက ​”ပြီးခဲ့တဲ့ရက်ပိုင်းက ရေက လုံးဝမလာတော့တာ။ ဝယ်သုံးနေရတဲ့ သူတွေအတွက် တော်တော်လေး အခက်အခဲဖြစ်ခဲ့တယ်။ အခုလို စည်ပင်က ပျက်စီးနေတဲ့ ရေပိတ်တွေကို လိုက်ပြင်ပေးနေတာ တွေ့ရတော့ ဝမ်းသာပါတယ်။ ဒါပေမဲ့ နောက်နောင်မှာ ဒီလိုမျိုး အချိန်အကြာကြီး ရေမပြတ်သွားအောင် ကြိုတင်ထိန်းသိမ်းမှုတွေ ပုံမှန်လုပ်ပေးစေချင်တယ်” ဟု ဆိုသည်။

ထိုသို့ သောက်သုံးရေ ပြတ်တောက်ရခြင်းမှာ ရေပေးဝေရေး ကွန်ရက်အတွင်းရှိ ရေပိတ်များ ယိုယွင်းပျက်စီးမှုကြောင့်ဖြစ်ကြောင်း စည်ပင်သာယာရေး အဖွဲ့၏ စစ်ဆေးချက်များအရ သိရသည်။

​အဆိုပါ ရေအခက်အခဲကို ဖြေရှင်းရန်အတွက် စည်ပင်သာယာရေးဌာနမှ အဖွဲ့ဝင်များသည် မတ်လ ၈ ရက်နေ့မှစတင်ကာ ပျက်စီးနေသော ရေပေးဝေရေး အစိတ်အပိုင်းများကို အရေးပေါ် ပြုပြင်လျက်ရှိသည်။

စနစ်တကျ ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်ခြင်းဖြင့် ဒေသခံပြည်သူများအတွက် ရေရှည်တည်တံ့သော ရေပေးဝေမှုစနစ်ကို ပြန်လည်ထူထောင်ရန် ရည်မှန်းထားကြောင်း တာဝန်ရှိသူများက ဆိုသည်။

မြို့အင်္ဂါရပ်နှင့်ညီညွတ်သော သန့်ရှင်းရေးစနစ် ပေါ်ပေါက်လာစေရန်အတွက် “စနစ်တကျ အမှိုက်စွန့်ပစ်မှု မြှင့်တင်ရေး” စီမံချက်ကိုလည်း တစ်ပါတည်း ဆောင်ရွက်နေသည်။

ယင်းစီမံချက်တွင် အမှိုက်ပုံးများအလုံအလောက် ထားရှိပေးခြင်း၊ “အမှိုက်မပစ်ရ” သတိပေးဆိုင်းဘုတ်များ စိုက်ထူခြင်းနှင့် အများပြည်သူသိရှိလိုက်နာရမည့် အမှိုက်စွန့်ပစ်မှုဆိုင်ရာ စည်းကမ်းချက်များကို လက်ကမ်းစာစောင်များမှတစ်ဆင့် ပညာပေးဖြန့်ဝေခြင်းတို့ ပါဝင်သည်။

“မြို့သန့်ရှင်းရေးနဲ့ ရေရှည်တည်တံ့တဲ့ ပတ်ဝန်းကျင်တစ်ခု ဖြစ်လာဖို့အတွက် ဒေသခံတွေရဲ့ ပူးပေါင်းပါဝင်မှုက အရေးကြီးပါတယ်” ဟု စည်ပင်သာယာရေး တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် မြို့နယ်စည်ပင်အနေဖြင့် အမှိုက်များကို သတ်မှတ်နေရာများတွင် စနစ်တကျ စွန့်ပစ်တတ်စေရန် ရပ်ရွာအဆင့် အသိပညာပေး ဆွေးနွေးမှုများကိုလည်း တိုးမြှင့်လုပ်ဆောင်နေကြောင်း သိရသည်။

Photo – AB News

AB_News #MunicipalServices #WaterCrisis #WaterSupply #InfrastructureRepair #UrbanSanitation #WasteManagement #PublicHealth #CleanCityProject #LocalDevelopment #CommunitySupport

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ