AB News – မေ ၂၈၊ ၂၀၂၆
ယနေ့ မေလ ၂၈ ရက်နေ့တွင် ကျရောက်မည့် အစ္စလာမ်ဘာသာဝင်များ၏ ကုရ်ဘာနီနေ့ အထိမ်းအမှတ်ပွဲတော်အတွက် မောင်တောခရိုင်တွင် ULA/AA မှ နွား ၁၈ ကောင် လှူဒါန်းခဲ့ပြီး ပွဲတော်တွင် အသုံးပြုမည့် နွားများကိုလည်း အခွန်ကင်းလွတ်ခွင့် ပေးထားကြောင်း မူဆလင်အသိုင်းအဝိုင်းက ဆိုကြသည်။
ယမန့်နေ့ မေလ ၂၇ ရက်နေ့က မောင်တောမြို့နယ်မှ ကျေးရွာ (၃) ရွာ နှင့် ဘူးသီးတောင်မြို့နယ်မှ ကျေးရွာ (၆) ရွာကို ULA/ AA မှ ကျေးရွာတစ်ရွာလျှင် ( ၂) ကောင်နှုန်းဖြင့် နွားကောင်ရေ စုစုပေါင်း (၁၈) ကောင်ကို လှူဒါန်းခဲ့ကြောင်း သိရသည်။
ULA/AA မှ လှူဒါန်းခဲ့သည့်ကျေးရွာများမှာ မောင်တောမြို့နယ်မှ ဒု – ညောင်ပင်ကြီးရွာ၊ ၄ မိုင်ရွာနှင့် ဇူလရွာတို့ဖြစ်ပြီး ဘူးဘီးတောင်မြို့နယ်မှ တန်းလျှောက်ခံရွာ၊ ဒေလီရွာသစ်၊ ဒပြုချောင်းရွာသစ်၊ ကွန်တိုင်ရွာ၊ ဖောင်တော်ပြင်ရွာနှင့် ငါးရန့်ချောင်းရွာတို့ဖြစ်သည်။
ထို့ပြင် ယခုနှစ်တွင် ကုရ်ဘာနီပွဲတော်နေ့ အထိမ်းအမှတ်အတွက် အသုံပြုမည့်နွားများကိုလည်း ULA/ AA မှ အခွင်ကင်းလွတ်ခွင့်ပေးထားပြီး ပွဲတော်နေ့အတွက် ULA/ AA မှ ပံ့ပိုးလှူဒါန်းမှုများကိုလည်း မြို့နယ်အလိုက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အလားတူ မြောက်ဦးခရိုင်တွင်လည်း မူဆလင်ကျေးရွာ (၁၄) ရွာအတွက် ULA/AA မှ နွား (၃) ကောင်ကို လှူဒါန်းခဲ့ကြောင်းသိရသည်။
ယင်းအပြင် ULA/ AA မှ ပြီးခဲ့သည် မေလ (၂၃) ရက်နေ့ကလည်း ကုရ်ဘာနီနေ့အကြို အထိမ်းအမှတ်အဖြစ် လူသားချင်းစာနာထောက်ထားမှုကို ရှေးရူး၍ စစ်သုံ့ပန်းများ၊ သုံ့ပန်းမိသားစုဝင်များနှင့် အရပ်ဘက်အကျဥ်းသား စုစုပေါင်း ၅၇ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ကြောင်းသိရသည်။




