
AB News – မေ ၁၃၊ ၂၀၂၆
စစ်တပ်ထိန်းချုပ်ရာ ဒေသဖြစ်သော စစ်တွေအပါအဝင် ရန်ကုန်နှင့် ဧရာဝတီ အစရှိသည့် ဒေသအသီးသီးသို့ ရောက်ရှိနေကြသော ရက္ခိုင်လူငယ်များ အစအနမရ ပျောက်ဆုံးမှုများ ဆက်တိုက်ရှိနေပြီး စစ်တပ်ထံ အကြောင်းမဲ့ ဖမ်းဆီးခံနေကြရကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ ၉ ရက်နေ့၊ ညနေ ၉ နာရီအချိန်ခန့်တွင် စစ်တွေမြို့ရှိ တပ်ဦးကျောင်း၊ စိတ္တသုခကမ္မဌာန်းဘုန်ကြီးကျောင်း၊ မိုးကုတ်ကျောင်းနှင့် သရက်တောကျောင်းများကို စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၁၀၀ ခန့်ဖြင့် ဝင်ရောက်ကာ ဧည့်စာရင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။
ထို့နောက် စိတ္တသုခကမ္မဌာန်းဘုန်ကြီးကျောင်း၌ စစ်ရှောင်နေသော ဦးကျော်သန်းလှိုင်၊ ကိုအေးကျော်၊ ကိုမြထွန်း၊ ကိုအောင်အောင်နှင့် တခြား ပြည်သူ ၂ ဦးကို အထောက်အထားမခိုင်လုံဟု အကြောင်းပြကာ မတရားဖမ်းဆီး ညှင်းပန်းနှိပ်စပ်မှုများပြုလုပ်ခဲ့သည့်အတွက် ကိုအောင်အောင်မှာ သေဆုံးသွားခဲ့ရသည်။
အလားတူ မေ ၈ ရက်နေ့ကလည်း ဧရာဝတီတိုင်း၊ ငရုပ်ကောင်းမြို့နယ်တွင် စစ်ဘေးတိမ်းရှောင်နေကြသော စစ်ဘေးရှောင် အမျိုးသမီး ၁ ဦးအပါအဝင် ၃ ဦးကို စစ်တပ်က ဖမ်းဆီးသွားခဲ့ပြီး ယင်းအထဲက စစ်ရှောင်အမျိုးသား ၃ ဦးကို စစ်တပ်က စစ်ဆေးရန်ဟု ဆိုကာ သီးခြားနေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့တွင်လည်း ရက္ခိုင်လူငယ်များ အလုပ်အကိုင်နှင့် ပညာရေးအတွက် ရောက်ရှိနေစဉ် လမ်းခရီး၌ ပျောက်ဆုံးသွားသည့် ဖြစ်စဉ်များ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာနေသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ရန်ကုန်တိုင်း၊ ရွှေပြည်သာတွင် အလုပ်မှအပြန် ပျောက်ဆုံးသွားသည့် ကိုမျိုးမင်းလှိုင်၊ ကျောင်းတက်ရင်း ပျောက်ဆုံးသွားသည့် ကိုအောင်ကျော်စိန်နှင့် ဝပ်ရှော့တွင် အလုပ်လုပ်နေစဉ် ပျောက်ဆုံးသွားသည့် မောင်ခိုင်လင်းထွန်းတို့မှာ ယနေ့အထိ သတင်းအစအန မရရှိသေးပေ။
ယခုကဲ့သို့ လူငယ်များ ပျောက်ဆုံးနေခြင်းနှင့် ဖမ်းဆီးခံနေရခြင်းတို့မှာ စစ်ကော်မရှင်၏ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းစေရေး အစီအစဉ်နှင့် ဆက်စပ်နေနိုင်ကြောင်း ပြောဆိုနေကြသည်။
အချို့ဒေသများတွင် အုပ်ချုပ်ရေးမှူးများကိုယ်တိုင် လူငယ်များကို ဖမ်းဆီးပြီး စစ်တပ်ထံသို့ ရောင်းစားနေသည့် သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။
လက်ရှိတွင် စစ်ကော်မရှင် ထိန်းချုပ်ရာဒေသများသို့ ရောက်ရှိနေသည့် ရက္ခိုင်လူငယ်များမှာ မိမိတို့၏ အသက်အန္တရာယ်နှင့် လုံခြုံရေးအတွက် စိုးရိမ်ထိတ်လန့်ဖွယ်ရာ အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း သိရှိရပါသည်။
ဓာတ်ပုံ – Social Media