သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်မြို့နယ်တွင် ၆ နှစ်ကြာမှ အီစတာပွဲတော် ပြန်လည်ကျင်းပနိုင်

AB News – ဧပြီ ၇၊ ၂၀၂၆
ဒေဝီ

ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ ခရစ်ယာန်ဘာသာဝင်များ၏ နေထူးနေ့မြတ်ဖြစ်သော သခင်ယေရှုခရစ်တော် ရှင်ပြန်ထမြောက်ခြင်းအထိမ်းအမှတ် အီစတာပွဲတော်ကို ယနေ့ ဧပြီလ ၇ ရက်နေ့တွင် ကျောက်တော်မြို့နယ်အတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါပွဲတော်ကို ဒေသတွင်း မတည်ငြိမ်မှုများနှင့် တိုက်ပွဲများကြောင့် လွန်ခဲ့သည့် ၆ နှစ်ကျော်ကာလအတွင်း စုပေါင်းကျင်းပခွင့် မရရှိခဲ့ဘဲ ယခုနှစ်တွင်မှ ပထမဆုံးအကြိမ်အဖြစ် ကျောက်တော်မြို့နယ်အတွင်းရှိ ခရစ်ယာန်ကျေးရွာ ၅ ရွာမှ အသင်းတော် ၅ သင်း စုပေါင်း၍ ပြန်လည်ကျင်းပနိုင်ခဲ့ခြင်း ဖြစ်သည်။

၎င်းပွဲတော်သို့ အာရက္ခတပ်တော် (ULA/AA) မှ တာဝန်ရှိသူများ တက်ရောက်ဂုဏ်ပြုခဲ့ကြပြီး ပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်သည့် ငွေကြေးကို ထောက်ပံ့ပေးခဲ့သည်။

ပွဲတော်တွင် သင်းအုပ်ဆရာ ၆ ဦးနှင့် သမ္မာကျမ်းစာဝေငှသူတစ်ဦးတို့ တက်ရောက်ကာ ဆုတောင်းမေတ္တာပို့သခြင်း၊ ကျမ်းစာဝေငှခြင်းများ ပြုလုပ်ခဲ့ကြပြီး ခရစ်ယာန်ဘာသာဝင်လူငယ်များကလည်း ခရစ်တော်ကို ဂုဏ်ပြုသော ဓမ္မတေးသီချင်းများ၊ တေးသရုပ်ဖော်အကများဖြင့် ဖျော်ဖြေခဲ့ကြသည်။

သင်းအုပ်ဆရာတစ်ဦးက “ကျွန်တော်တို့ ဒေသမှာ စစ်မီးတွေကြောင့် ဘာသာရေးပွဲတွေကို စုပေါင်းပြီး မလုပ်နိုင်ခဲ့တာ ၆ နှစ်ကျော်ပါပြီ။ အခုလို အသင်းတော် ၅ သင်း စုပေါင်းပြီး အားလုံးပြန်ဆုံရတာဟာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့် ဖြစ်သလို၊ အုပ်ချုပ်ရေးပိုင်းကလည်း အခုလို လာရောက်အားပေး ဂုဏ်ပြုပေးတဲ့အတွက် အတိုင်းမသိ ဝမ်းသာမိပါတယ်” ဟု ပြောကြားခဲ့သည်။

အာရက္ခဒေသအတွင်း မှီတင်းနေထိုင်ကြသော လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံသည် မိမိတို့ ယုံကြည်ရာ ဘာသာတရားကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိစေရန်နှင့် ဘာသာရေးအရ တန်းတူညီမျှမှုရှိစေရန် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ULA/AA မှ ပွဲတက်ရောက်လာသည့် တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ယခုကဲ့သို့ ၆ နှစ်အကြာမှ ပြန်လည်ကျင်းပနိုင်သည့် Easter ပွဲတော်သည် ဒေသတွင်းရှိ မတူကွဲပြားသော ဘာသာဝင်များအကြား သဟဇာတဖြစ်မှုကို ဖော်ပြနေရုံသာမက ဒေသတွင်း တည်ငြိမ်အေးချမ်းမှုရှိလာသည်ကို ပြသနေသည့် လက္ခဏာတစ်ရပ်လည်း ဖြစ်ကြောင်း ဒေသခံများက ဆိုကြသည်။

ခရစ်တော် ရှင်ပြန်ထမြောက်ခြင်း(Easter) ပွဲတော်သည် ကမ္ဘာတစ်ဝန်းရှိ ခရစ်ယာန်ဘာသာဝင်များအတွက် အထွတ်အမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်ပြီး နှစ်စဉ် ဧပြီလရောက်တိုင်း ပြည်တွင်းပြည်ပရှိ ခရစ်ယာန်ဘာသာဝင်အားလုံးက အလေးအနက်ထား ကျင်းပလေ့ရှိကြသည်။

ပုံစာ – ယနေ့ ဧပြီလ ၇ ရက်နေ့တွင် ကျောက်တော်မြို့နယ်အတွင်း ခရစ်ယာန်ဘာသာဝင်များ၏ နေထူးနေ့မြတ်ဖြစ်သည့် သခင်ယေရှုခရစ်တော် ရှင်ပြန်ထမြောက်ခြင်းအထိမ်းအမှတ် အီစတာပွဲတော် ကျင်းပနေသည်ကို မြင်တွေ့ရခြင်း။

ArakanBayNews #AB_News #Easter #ရှင်ပြန်ထမြောက်ခြင်းအထိမ်းအမှတ်ပွဲတော် #Rakhine #Myanmar

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ