
AB News – ဧပြီ ၇၊ ၂၀၂၆
စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတတာဝန်ယူပြီးနောက် တရုတ်သံအမတ်ကို ပထမဦးဆုံး လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဧပြီလ ၆ ရက်နေ့၊ နေ့လယ်ပိုင်းအချိန်တွင် စစ်ခေါင်းဆောင် သမ္မတ မင်းအောင်လှိုင်ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ သံအမတ်ကြီး H.E.Ms. Ma. Jia က နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဥက္ကဌရုံးခန်း၌ လာရောက်တွေဆုံခဲ့ကြောင်း စစ်ကောင်စီပိုင် မီဒီယာများမှတဆင့် သိရသည်။
အဆိုပါ သံအမတ်ကြီးမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား သမ္မတအဖြစ်ကြေညာပြီးနောက် ပထမဆုံး လာရောက်တွေ့ဆုံသည့် သံအမတ်ကြီးဖြစ်ကြောင်း သိရသည်။
အလားတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတကြီး မစ္စတာ ရှီကျင့်ဖျင့်ကလည်း သမ္မတရွေးချယ်တင်မြှင့်ပြီးနောက် နာရီပိုင်းအတွင်း ဝမ်းမြှောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။
ဤသို့ သဝဏ်လွှာ ပေးပို့မှုအပေါ် “အိမ်နီးနားချင်း မိတ်ဆွေကောင်း နိုင်ငံ တစ်ခုအနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများအပေါ် ထောက်ခံမှု ပြသခြင်းပင်ဖြစ်သည့်တွက် ကျေးဇူးတင်ရှိကြောင်း” ဆိုထားသည်။
ထို့နောက် စစ်ခေါင်းဆောင်အား မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ဆက်ဆံရေးကောင်းမွန်အောင် ဆောင်ရွက်ခဲ့မှုများအပေါ်တွင်လည်း ကျေးဇူးတင်ရှိကြောင်းနှင့် စစ်ခေါင်းဆောင်လက်အောက်တွင် မြန်မာနိုင်ငံအနေဖြင့် တည်ငြိမ်အေးချမ်းပြီး ဖွံဖြိုးတိုးတက်သည့် နိုင်ငံတစ်ခုဖြစ်လာမည်ဟု ယုံကြည်ကြောင်း တရုတ်သံအမတ်ကြီးမှ ပြောကြားခဲ့သည်။
ထို့အတူ အဆိုပါတွေ့ဆုံပွဲသို့ စစ်ခေါင်းဆောင်အပြင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေလည်း တက်ရောက်ခဲ့ပြီး သံအမတ်ကြီးနှင့်အတူ သံရုံးမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြောင်း ဆိုသည်။