AB News – မတ် ၁၁၊ ၂၀၂၆
ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ်ခရိုင် (တပ်မဟာ ၄) နယ်မြေ၊ လယ်မူလားမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာများဖြင့် နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ကျောင်းသားလူငယ် ၇ ဦးအပါအဝင် စုစုပေါင်း အရပ်သား ၁၅ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၉ ရက်၊ မွန်းတည့် ၁၂ နာရီ ၃၀ မိနစ်အချိန်တွင် တဖီလေးခိုကျေးရွာရှိ ခရစ်ယာန်ဘုရားကျောင်း၌ ကျောင်းသား၊ ကျောင်းသူများက ရက်တိုကျမ်းစာသင်တန်းနှင့် ဂီတသင်တန်း တက်ရောက်နေစဉ် စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ၂ လုံးဖြင့် ဦးတည်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ကျောင်းသားလူငယ် ၇ ဦး နေရာ၌ပင် ပွဲချင်းပြီး သေဆုံးခဲ့ရသည်။ သေဆုံးသူများမှာ နော်ဘာဆိုဂေ (၂ တန်း)၊ နော်ရှီးယို (၅ တန်း)၊ နော်မူးပလော (၄ တန်း)၊ စောဆာဟေဘလုစိုး (၂ တန်း)၊ နော်စေးထူး (၅ တန်း)၊ နော်ဘလယ် နှင့် စောထူးကိုလို တို့ ဖြစ်ကြသည်။
ထို့အပြင် ကျောင်းသား ၄ ဦးနှင့် အရပ်သား ၄ ဦးမှာလည်း အသက်ဆုံးရှုံးခဲ့ရကာ ကျောင်းသား ၄ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။ ဗုံးဒဏ်ကြောင့် ကျေးရွာခရစ်ယာန်ဘုရားကျောင်းမှာလည်း မြေပြင်နှင့်တစ်သားတည်း ပျက်စီးသွားခဲ့ရသည်။
မတ်လ ၁၀ ရက်နေ့ နေ့လည် ၁၂ နာရီ ၁၇ မိနစ်အချိန်တွင်လည်း စစ်ကောင်စီက လယ်မူလားမြို့နယ်ရှိ တကူကျေးရွာအတွင်းသို့ ပေါင် ၂၅၀ ဗုံးဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၄ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့သည်။ ၎င်းတို့အနက် ၃ ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေဖြစ်ကြောင်း သိရသည်။
အဆိုပါ ဒဏ်ရာပြင်းထန်သူ ၃ ဦးအား အရေးပေါ်ခွဲစိတ်ကုသမှု ခံယူနိုင်ရန်အတွက် ကေအဲန်ယူ – မြိတ်ထားဝယ်ခရိုင် တာဝန်ရှိသူများက ထိုင်းနိုင်ငံရှိ ဆေးရုံများသို့ ပို့ဆောင်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း KNU ၏ ဖော်ပြချက်အရ သိရသည်။
ယခုကဲ့သို့ စစ်ရေးနှင့်မသက်ဆိုင်သည့် ကျောင်းသားလူငယ်များနှင့် ဘာသာရေးအဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းသည် နိုင်ငံတကာစစ်ဥပဒေ (International Humanitarian Law) ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ပြီး စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်ကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူများက ထောက်ပြဝေဖန်လျက်ရှိသည်။
လက်ရှိတွင် လယ်မူလားမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် စစ်ကောင်စီ၏ ထပ်မံလုပ်ဆောင်လာမည့် လေကြောင်းတိုက်ခိုက်မှုများအား စိုးရိမ်လျက်ရှိပြီး နီးစပ်ရာတောတောင်များအတွင်းသို့ တိမ်းရှောင်နေကြရကြောင်း သိရှိရသည်။
#AB_News #Myanmar #KarenState #LelMuLar #KNU #AirStrike #HumanRightsViolations #WarCrimes #SaveMyanmarChildren #JusticeForStudents #StopKillingCivilians #EndImpunity

