ABN – သူရမောင်
ကျောက်ဖြူမြို့နယ်တွင် ယနေ့နံနက် ၈ နာရီကျော်ခန့်က လက်နက်ကြီးပစ်ခတ်သံများ ဆက်တိုက်ထွက်ပေါ်ခဲ့သည့်အတွက်ကြောင့် ကျောက်ဖြူဒေသခံများမှာ စိုးရိမ်ထိတ်လန့်နေကြကြောင်း ဒေသတွင်းသတင်းပေးပို့ချက်အရ သိရသည်။
ဖေဖော်ဝါရီလ ၁၉ ရက် နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် ကျောက်ဖြူမီးပြတောင်မှ လက်နက်ကြီးသံ ၆ ချက်၊ င/ပသုန်၊ ကျွန်းသာယာဘက်မှ ၅ ချက်ပစ်ခတ်သံကြားခဲ့ကြောင်း ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။
“မနက် ၈ နာရီကျော်လောက်ကပါ၊ မီးပြတောင်ဘက်က ၆ ချက်ပစ်တယ်၊ င/ပသုန်ကျွန်းသာယာဖက်က ၅ ချက်ပစ်ပါတယ်” ဟုပြောသည်။
ထို့အပြင် ကျောက်ဖြူ မီးပြတောင် အောက်ဖက် ပင်လယ်ပြင်တွင် သွားလာနေသည့် စစ်ကောင်စီနေဗီတစ်စီးကလည်း လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
“အဲဒီမီးပြတောင်အောက်ဖက်ကလည်း လက်နက်ကြီးတွေ ထပ်ပစ်သေးတယ်၊ နေဗီကနေ ပစ်တာပါ၊ ဘယ်နေရာလို့မဟုတ်ပါဘူး၊ ဟိုပစ်ဒီပစ် လျှောက်ပစ်နေတာပါ၊ သူတို့က အဲလိုလုပ်နေတော့ ကျွန်မတို့ အရမ်းစိုးရိမ်နေကြပါတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးမှ ပြောသည်။
လက်နက်ကြီး ပစ်သံများ ကြားလိုက်ပါတယ် ဘာလို့ ပစ်တာလဲတော့မသိဘူး။ စစ်ဖြစ်တာလား ဘာဖြစ်တာလဲမသိဘူး။ ရွာသားတွေကတော့ ကြောက်နေကြပါတယ်” ဟု မရဇိုင်းကျွန်းက ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်သည် ရက္ခိုင့်တပ်တော်နှင့် အပစ်အခတ်ရပ်စဲထားပြီးနောက် ပင်လယ်ပြင်တွင် လက်နက်ကြီး လက်နက်ငယ်များ စမ်းပစ်နေသည်များ ရှိနေသည်။