သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေမြို့နယ်တွင် မူဆလင်အမျိုးသား ၂ ဦးကို စစ်ကောင်စီတပ်မှ ဖမ်းဆီး

ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ ချမ်းကုန်းရပ်ရွာမှ မူဆလင်အမျိုးသား ၂ ဦးကို စစ်ကောင်စီတပ်မှ အောက်တိုဘာလ ၃၁ ရက်နေ့ ညည့် ၁၀ နာရီခွဲတွင် လာရောက် ဖမ်းဆီးသွားကြောင်း သိရသည်။

ဖမ်းဆီးခံရသူများမှာ စစ်တွေမြို့နယ်၊ ချမ်းကုန်းရပ်ရွာနေ အဖ ဦးဆုလ်တာန် ၏သား ဦး မာမောတ်ဟူးဆောန် (၃၇) နှစ်နှင့် စစ်တွေမြို့နယ် သဲချင်းအုပ်စု ဗေဒါကျေးရွာနေ ဦးဆောယောတ်အာမိ ၏သား ဦး ခေါ်ရီမုလ္လာ (၃၃) နှစ်တို့ ကို ယမန့်နေ့ည ညဉ့် ၁၀ နာရီ ၃၀ မိနစ်တွင် စစ်တွေမြို့နယ် ပလ္လပြင် ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် အခြေစိုက်နေသော ၃၅၄ တပ်ရင်းမှ လာရောက်ဖမ်းဆီး သွားကြောင်း သိရသည်။

ဖမ်းဆီးခံရစဉ်တွင် စစ်ကောင်စီတပ်မှ ဆိုင်ကယ် ၂ စီးနှင့် ဖုန်း ၄ လုံး ယူဆောင်သွားကြောင်း သိရသည်။

“အစကတော့ ပလ္လင်ပြင် ဘုန်းကြီးကျောင်းကို ဖမ်းသွားတာ၊ ခဏနေတော့ ဘယ်တပ်ရင်းကတော့မသိဘူး ကားတစ်စီးနှင့် လာခေါ်သွားတယ်၊ ဘယ်ကို ခေါ်သွားမှန်းလည်း မသိဘူး” ဟု ချမ်းကုန်းရပ် ဒေသခံတစ်ဦးက ABN သို့ ပြောသည်။

ချမ်းကုန်းရပ်ကျေးရွာတွင် ကိစ္စတစ်ခု ရှိလျင် ကျေးရွာ ဥက္ကဌအား ပြောပြီးမှ လုပ်ဆောင်ရမည်ဟု အတိအလင်း ထုတ်ပြန်ထားသော်လည်း လာရောက်ဖမ်းဆီးသွားသည့် စစ်ကောင်စီတပ်မှာ ဥက္ကဌ အား တစုံတရာ ပြောကြားခြင်းမရှိဘဲ မိမိတို့သဘောအလျောက် ဝင်ရောက်ဖမ်းဆီးသွားကြောင်း ၎င်းဒေသခံ မှ ပြောသည်။

“သူတို့ကို ဘင်္ဂလားက ခိုးဝင်လာတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းသွားတာ” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသည့် ဦးခေါ်ရီမုလ္လာမှာ သူ့ဇနီးနှင့် အတူ ဦးမာမောတ်ဟူးဆောန် ၏ ထမင်းစားဖိတ်ကြားချက်အရ သွားရောက်စဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။

မိသားစုများမှာ ဖမ်းဆီးခေါ်ဆောင်သွားသည့် သူများအကြောင်း သတင်းတစုံတရာ မရရှိသေးသဖြင့် စိုးရိမ်နေကြကြာင်း ABN ကိုမိသားစုဝင်များမှပြောသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ