သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေမြို့နယ်တွင် ဖမ်းဆီးခံခဲ့ရသည့် မူဆလင် ၂ ဦး ပြန်လည်လွတ်မြောက်

ရခိုင်ပြည်၊ စစ်တွေမြို့နယ် ချမ်းသာကုန်းရပ်(မူဆလင်ရွာ) မှ ပြီးခဲ့သည့် အောက်တိုဘာလကုန်ပိုင်းက ဖမ်းဆီးခံခဲ့ရသည့် မူဆလင် ၂ ဦးမှာ ပြန်လည်လွတ်မြောက်လာခဲ့ပြီဖြစ်ကြောင်း သိရသည်။

အောက်တိုဘာလ ၃၁ ရက်နေ့က ဖမ်းဆီးခံခဲ့ရသည့် ဦးမာမောတ်ဟူးဆောန် ၃၇ နှစ် နှင့် ဦး ခေါ်ရီမုလ္လာ ၃၃ နှစ်တို့မှာ စစ်တပ်မှ ၄ ရက်တာ ဖမ်းဆီး ထိန်းသိမ်းခြင်းခံခဲ့ရပြီး နိုဝင်ဘာလ ၄ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာခဲ့ကြကြောင်းသိရသည်။

သူတို့နှစ်ဦးမှာ စစ်တပ်က ပြန်လည်လွှတ်ပေးလိုက်သော်လည်း ရွာသို့ ချက်ချင်းမပြန်ရဲဘဲ အနီးအနားရှိ ရွာများတွင် ၄ ရက်လောက် ခိုလှုံနေခဲ့ရကြောင်း သိရသည်။

“သူတို့က ၄ ရက်နေ့တည်းက လွတ်လာတာ၊ ရွာကိုတော့ မဝင်ခိုင်းသေးဘူး၊ နောက်ဘာတွေဖြစ်လာ မလဲဆို မသိဘူးလေ၊ ရက်နည်းနည်းလောက်တော့ ရှောင်ခိုင်းထားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

၎င်းတို့နှစ်ဦးအား စစ်ကောင်စီတပ်မှ ဘင်္ဂလားဒေ့ရှ်မှ လူကုန်ကူးမှုလုပ်နေသည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ဖမ်းဆီးထားစဉ်အတွင်း စစ်ကောင်စီတပ်မှ ရိုက်နှက်မေးမြန်းမှုများရှိသလို ထမင်းလည်း ပုံမှန်မကျွေးကြောင်း သိရသည်။

“ခြေတွေလက်တွေနဲ့ ရိုက်နှက်တယ်၊ သူတို့ သိချင်တာကိုမေးတယ်၊ ပြီးတော့ ထမင်းလည်း ပုံမှန်မကျွေးဘူး” ဟု လွတ်မြောက်လာသူ ဦးမာမောတ်ဟူးဆောန်က ABN ကိုပြောသည်။

ဖမ်းဆီးခံရစဉ်အတွင်း တရားစွဲဆိုမှုတစ်ခု လည်းရှိခဲ့ကြောင်း သိရသည်။ ၎င်းတို့ နှစ်ဦးအား လူကုန်ကူးမှုဖြင့် စွပ်စွဲဖမ်းဆီးခံခဲ့ရသော်လည်း တရားရုံးတွင် တခြားတစ်မှုဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

“သူတို့ (စကစ စစ်သား)က ကျွန်တော့တို့ကို တရားရုံးရောက်ရင် ပြောဖို့စကားတွေ ကို ပြောပြတယ်၊ ရွာထဲမှာ အရက်မူးပြီးဆူပူမှုလုပ်နေလို့ ရွာဥက္ကဌ နှင့် တာဝန်ရှိတွေက ဖမ်းဆီးခိုင်းတယ်လို့ပြောရမယ်ပေါ့” ဟု ၎င်းကပြောသည်။

ဖမ်းဆီးစဥ် လူမှောင်ခိုကူးမှုဖြင့် ဖမ်းဆီးပြီး တရားရုံးတွင် ထွက်ဆိုရယ၌ ရပ်ရွာတွင်း ဆူပူ၍ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ပြောရန် သင်ပေးခဲ့သော်လည်း ၎င်းတို့ ၂ ဦးအား တရားစွဲဆိုမှု တစုံတရာမပြုလုပ်ဘဲ ပြန်လွှတ်လိုက်ခြင်းဖြစ်ကြောင်း ကံယကံရှင်များ ပြောပြချက်အရသိရသည်။

ထို့အပြင် ဖမ်းဆီးခံရစဉ် ၎င်းတို့နှင့် အတူပါသွားသော ဖုန်း ၄ လုံးနှင့် ဆိုင်ကယ်နှစ်စီးကိုမူ ပြန်လည်လွှတ်ပေးသည့် နေ့တွင် ပြန်ပေးအပ်လိုက်ခြင်းမရှိဘဲ ရက်အတော်ကြာ သိမ်းထားခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်မှ ထိုဖုန်း ၄ လုံးအားစစ်ဆေးရာတွင် Facebook ဆိုရှယ်လ်မီဒီယာ ပေါ်တွင် AA နှင့်ပတ်သတ်သည့် သတင်းများကို ရှဲလုပ်ထားသည်နဲ့ ပတ်သတ်၍ စစ်ဆေးမေးမြန်းမှုများလည်း ပြုလုပ်ခဲ့သည်။

“ကျွန်တော်တို့ကို AAနဲ့ ဆက်စပ်မှုရှိလားမေးတယ်၊ မရှိဘူးလို့ ပြောတော့ ဒါဆို ဘာ့ကြောင့် AA နဲ့ပတ်သတ်တာတွေ ရှဲထားတာလည်းဆို ပြီးမေးတယ်” ဟု ဦးမာမောတ်ဟူးဆောန်က ပြောသည်။

ပါသွားသည့် ဖုန်း၄ လုံးအား နိုဝင်ဘာလ ၆ ရက်နေ့တွင် ပြန်လည်ပေးအပ်လာခဲ့ကြောင်း သိရသည်။

သို့သော်လည်း ဆိုင်ကယ်နှစ်စီးအနက် တစ်စီးသာ ပြန်ပေးကြောင်း သိရသည်။ ထိုပြန်ပေးဆိုင်ကယ်အားလည်း ငွေကျပ် ၃ သိန်းပေးကာ ထုတ်လာခဲ့ရကြောင်းနဲ့ နောက်တစ်စီးကိုမူ မထုတ်ပေးတော့ဟု သိရသည်။

” တစ်စီးကတော့ ငွေ ၃ သိန်းပေးပြီး ထုတ်လာခဲ့တာ၊ နောက်တစ်စီးကိုတော့ မထုတ်ပေးတော့ဘူးလို့ ပြောတယ်” ဟု စစ်တွေမြို့နယ် ပလ္လင်ပြင်ဘုန်းတော်ကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ ပြောကြောင်း ဦးမာမောက်ဟူဆောန်းက ABN ကိုပြောသည်။

ထိုသို့ ဆိုင်ကယ်အား သိမ်းထားလိုက်သောကြောင့် ဆိုင်ကယ်ပိုင်ရှင်ဖြစ်သည့် ဦးမာမောတ်ဟူးဆောန်မှာ သွားလာရအခက်အခဲ ရှိနေကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ