သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်ပြည်တစ်ဝန်း လေယာဉ်မပျံသန်းရဇုန် (No Fly Zone) သတ်မှတ်ပေးရန် ရက္ခိုင်အရပ်ဘက် ပရဟိတအဖွဲ့ (၇၀) တောင်းဆို

AB News – အောက်တိုဘာ ၃၀၊ ၂၀၂၆

ရက္ခိုင်ပြည်အတွင်းရှိ စစ်ပွဲနှင့်မသက်ဆိုင်သည့် အရပ်သားပြည်သူများကို စစ်ကော်မရှင်က ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှုများကို နေ့တိုင်းလိုလို ပြုလုပ်နေသောကြောင့် အငတ်ဘေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများ ပိုမိုဆိုးရွားလာနေသောကြောင့် ရက္ခိုင်ပြည်တစ်ဝန်း ကောင်းကင်ယံ၌ လေယာဉ်မပျံသန်းရဇုန် (No Fly Zone) သတ်မှတ်ပေးရန် ရက္ခိုင်အရပ်ဘက် ပရဟိတအဖွဲ့ (၇၀) က ယနေ့ အောက်တိုဘာ ၃၀ နေ့တွင် ပူးတွဲတောင်းဆိုလိုက်ခြင်းဖြစ်သည်။

ရက္ခိုင်ပြည်သူများ၏ အသက်၊ အိုးအိမ်နှင့် စည်းစိမ်ဥစ္စာများကို ကာကွယ်ရန်၊ အငတ်ဘေးအန္တရာယ်ကို တားဆီးရန်နှင့် နောက်ထပ် အစုလိုက် အပြုံလိုက် သေဆုံးမှုများမဖြစ်ပေါ်စေရန် မိမိတို့ ရက္ခိုင်အရပ်ဘက် အဖွဲ့ (၇၀)ဖွဲ့ အနေဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC)၊ အာဆီယံ (ASEAN)၊ နိုင်ငံတကာအစိုးရများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများထံ အရေးပေါ် တောင်းဆိုလိုက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုအရပ်ဘက်အဖွဲ့အစည်းများ၏ တောင်းဆိုချက်များမှာ ရက္ခိုင်ပြည်တစ်ဝန်း ကောင်းကင်ယံ၌ လေယာဉ်မပျံသန်းရဇုန် ( No Fly Zone ) အဖြစ်သတ်မှတ်ပေးရန်၊ ဒေသခံများထံ ဆေးဝါးများနှင့် အခြေခံစားနပ်ရိက္ခာများကို တိုက်ရိုက် ထောက်ပံ့ကူညီပေးရန်၊ စစ်ကော်မရှင်ထံ လေယာဉ်ဆီနှင့် စစ်လက်နက်ပစ္စည်းများ တင်ပို့ရောင်းချမှုကို ထိရောက်စွာ ပိတ်ဆို့အရေးယူရန်နှင့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) မှတစ်ဆင့် စစ်ရာဇဝတ်မှုကျူးလွန်သူများကို တာဝန်ခံစေရေး ဖော်ဆောင်ပေးရန် တို့ဖြစ်သည်။

အဆိုပါထုတ်ပြန်ချက်အရ အာရက္ခပြည်သူ့အစိုးရ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) ၏ စာရင်းများအရ ၂၀၂၅ ခုနှစ် အောက်တိုဘာလမှ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၄ ရက်‌နေ့အထိ တစ်နှစ်တာကာလအတွင်း စစ်ကော်မရှင်တပ်၏ တိုက်ခိုက်မှုများကြောင့် ရက္ခိုင်ပြည်အတွင်း အရပ်သား သေဆုံးသူ ၂၉၈ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၆၇၈ ဦးရှိပြီး သေဆုံးသူများအနက် အသက် ၁၈ နှစ်အောက် ကလေးသူငယ် ၅၅ ဦး ပါဝင်ကြောင်း သိရသည်။

ထို့အပြင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကော်မရှင်၏ နည်းလမ်းမျိုးစုံဖြင့် တိုက်ခိုက်မှုများကြောင့် ရက္ခိုင်ပြည်အတွင်း အရပ်သား သေဆုံးသူ စုစုပေါင်း ၁,၁၅၂ဦး ထက်မနည်း ရှိခဲ့ကြောင့် သိရသည်။

စစ်ကော်မရှင်က ကုန်သွယ်‌ရေးလမ်းကြောင်းများ ပိတ်ဆို့မှုကြောင့် ဓာတ်မြေဩဇာများဈေးတက်ကာ စိုက်ပျိုးမြေဧက ငါးသိန်းခန့်လျော့ကျသွားမှု‌ကြောင့် အာရက္ခပြည်အတွင်းရှိ စစ်ဘေးရှောင်များနှင့် ပြည်သူအများအပြားမှာ ဆေးဝါးများနှင့် အခြေခံကုန်ပစ္စည်းတို့ အပြင်းအထန်ပြတ်လပ်မှုကြောင့် အငတ်ဘေးအန္တရာယ်နှင့် စားဝတ်နေရေး၊ ကျန်းမာရေးဆိုင်ရာ ပြင်ထန်းသောအကျပ်အတည်းများကို ရင်ဆိုင်နေ‌ရကြရသည်။

အဆိုပါလုပ်ရပ်များသည် ၁၉၄၉ ခုနှစ် ဂျီနီဗာကွန်ဗင်းရှင်းပါ ခွဲခြားမှုဆိုင်ရာ အခြေခံမူများနှင့် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ရောမစာချုပ် အပိုဒ် ၈ တို့ကို ချိုးဖောက်ရာရောက်သည့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဖြစ်ကြောင်း ရက္ခိုင်အရပ်ဘက် ပရဟိတအဖွဲ့များက ဆိုသည်။

ထို့သို့ အခက်အခဲများနှင့် အန္တရာယ်အမျိုးမျိုးကြားမှ စစ်ဘေးသင့်ပြည်သူးများအား ဆက်လက်ကူညီစောင့်ရှောက်သွားမည့်အပြင် အရပ်သားပြည်သူများ၏ အခွင်းအရေးနှင့် လုံခြုံရေးကိုလည်း ဆက်လက်ကာကွယ်မြှင့်တင်သွားမည်ဟု အဆိုပါ ရက္ခိုင်အရပ်ဘက် ပရဟိတအဖွဲ့ (၇၀) ဖွဲ့ကထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ