
AB News – အောက်တိုဘာ ၂၈၊ ၂၀၂၆
ရက္ခိုင်ပြည်၊ စစ်တွေမြို့နှင့် ဝီရဌာနီမြို့နယ်ကြားရှိ ကုလားတန်မြစ်အတွင်း ဝမ်းစာအတွက် ငါးဖမ်းထွက်နေသည့် စက်လှေတစ်စီးကို စစ်ကော်မရှင် ရေတပ် (စကမ နေဗီ) က ပစ်ခတ်ခဲ့သဖြင့် မူဆလင် ၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ယမန်နေ့ အောက်တိုဘာ ၂၇ ရက်၊ မွန်းလွဲ ၄ နာရီခန့်တွင် ဝီရဌာနီမြို့နယ်၊ အနောက်ရဲ စစ်ဘေးရှောင်စခန်း (IDP Camp) မှ မူဆလင် များသည် စစ်တွေမြို့အနီးရှိ ကုလားတန်မြစ်အတွင်း ငါးဖမ်းစက်လှေဖြင့် ထွက်ကွာစဉ် စစ်ကော်မရှင် ရေတပ်နေဗီမှ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
စစ်ကော်မရှင်တပ်၏ ရက်ရက်စက်စက် ပစ်ခတ်မှုကြောင့် အနောက်ရဲ စစ်ဘေးရှောင်စခန်းမှ အသက် ၄၈ နှစ်အရွယ် ဘော်ဒီယာ၊ အသက် ၃၀ နှစ်အရွယ် မာမောက်ဆော်လိမ်၊ အသက် ၄၀ နှစ်အရွယ် မာမောက်အီနူစ် နှင့် အသက် ၁၆ နှစ်အရွယ် ဟာလာယာ တို့ ၄ ဦးမှာ ဗုံးစနှင့် သေနတ်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ရသည်။
ထို့အပြင် ယင်းငါးဖမ်းစက်လှေကိုလည်း စစ်ကော်မရှင်တပ်က စစ်တွေဘက်သို့ ဆွဲခေါ်သွားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် စစ်ကော်မရှင်တပ်သည် လေကြောင်း ရေကြောင်းတို့မှ အရပ်သားပြည်သူများအား ပစ်မှတ်ထား ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်နေသဖြင့် စစ်ဘေးရှောင် ပြည်သူများနှင့် ဒေသခံများမှာ လုပ်ကိုင်စားသောက်ရန် နေရာ ရှားပါးလာပြီး အသက်အန္တရာယ် စိုးရိမ်မှုများကြားမှ ရုန်းကန်နေကြရသဖြင့် စားဝတ်နေရေး အကျပ်အတည်း ပိုမိုဆိုးရွားလျက်ရှိသည်။