
AB News – အောက်တိုဘာ ၈၊ ၂၀၂၆
ရက္ခိုင်ပြည်၊ ကျောက်တော်မြို့ ”အိန္ဒိယဈေး” လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အပြစ်မဲ့ ပြည်သူ ၅၀ ဦး သေဆုံးခဲ့ရသည့် ဖြစ်စဉ်အပေါ် အာရက္ခပြည်သူများနှင့်အတူ တစ်သွေးတည်း တစ်သားတည်း ရပ်တည်ကာ စစ်ကော်မရှင်၏ စစ်ရာဇဝတ်မှုကို ကန့်ကွက်ရှုတ်ချပေးခဲ့ကြသူများအားလုံးကို အထူးကျေးဇူးတင်ရှိကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က ယမန်နေ့ အောက်တိုဘာ ၇ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
ULA ၏ ထုတ်ပြန်ချက်တွင် အာရက္ခပြည်သူလူထုတစ်ရပ်လုံးနှင့်အတူ စည်းလုံးညီညွတ်စွာ ရပ်တည်ပေးခဲ့ပြီး စစ်ကော်မရှင်တပ်၏ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှုများအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပေးခဲ့ကြသည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ အားလုံးကို အာရက္ခပြည်သူများနှင့် အဖွဲ့အစည်းက အမြဲထာဝရ အမှတ်ရနေမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ပြီးခဲ့သည့် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၂၈ ရက်၊ နေ့လယ် ၁၂ နာရီကျော်ခန့်တွင် ကျောက်တော်မြို့ရှိ အိန္ဒိယဈေးနှင့် ကစ္ဆပနဒီတံတား ဝန်းကျင်ကို စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ အရပ်သားပြည်သူ ၅၀ ဦး သေဆုံးကာ ၅၇ ဦး ဒဏ်ရာရရှိခဲ့သည်။
စစ်ကော်မရှင်တပ်သည် အရပ်သား ပြည်သူများ စုဝေးရာ ဈေးများနှင့် စစ်ဘေးရှောင်စခန်းများကို ပစ်မှတ်ထား၍ စစ်ရာဇဝတ်မှုများကို ဆက်တိုက် ကျူးလွန်လျက်ရှိကြောင်း ULA က ဆိုသည်။