သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြေပုံမြို့နယ်တွင် လှေဖြင့် ငါးဖမ်းထွက်သည့် ဒေသခံ ၃ ဦးကို စစ်ကော်မရှင် ရေတပ်က ဖမ်းဆီးရိုက်နှက်

AB News – အောက်တိုဘာ ၄၊ ၂၀၂၆

ရက္ခိုင်ပြည်၊ မြေပုံမြို့နယ်တွင် လှေဖြင့် ငါးရှာထွက်လာသည့် လှေပိုင်ရှင်အပါအဝင် ငါးဖမ်းသမား ၃ ဦးကို စစ်ကော်မရှင် ရေတပ် (နေဗီ) မှ ဖမ်းဆီးကာ ရိုက်နှက်နှိပ်စက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရိုက်နှက်ခံရသူများမှာ မြေပုံမြို့နယ်၊ ကျွန်းသာယာကျေးရွာမှ လှေပိုင်ရှင် ဦးကြာထွန်းသာ (၅၃ နှစ်)၊ ၎င်း၏သားဖြစ်သူ ကိုဇော်ဇော်ထွန်း (၂၆ နှစ်) နှင့် လှေ၌ အငှားလိုက်ပါသူ ကိုအောင်မင်းသိန်း (၂၈ နှစ်) တို့ ဖြစ်ကြသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၂ ရက်၊ ညနေ ၄ နာရီအချိန်ခန့်တွင် နှာခေါင်းပေါက် မြောက်ဖြူကျွန်း၊ တစ်ထပ်ပွင့်အနီး၌ ငါးဖမ်းယူအပြီး နေအိမ်သို့ ပြန်ရန် ပြင်ဆင်နေစဉ် စစ်ကော်မရှင် ရေတပ်စစ်သင်္ဘောက ရောက်ရှိလာပြီး ၎င်းတို့ ၃ ဦးအား ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ထို့နောက် စစ်ကော်မရှင် တပ်ဖွဲ့ဝင်များသည် လှေပိုင်ရှင် ဦးကြာထွန်းသာအား နေရပ်လိပ်စာ မေးမြန်းကာ ရေတပ်စစ်သင်္ဘောပေါ်သို့ တက်ခိုင်းပြီး မှောက်လျက်အနေအထားဖြင့် တင်ပါးနှင့် ခြေသလုံးတို့ကို ၂ ပေကျော်ခန့်ရှိ တုတ်ချောင်းဖြင့် ၅ ချက်ထက်မနည်း ရိုက်နှက်ခဲ့သည်။

အလားတူ ၎င်းနှင့်အတူပါလာသည့် ကိုဇော်ဇော်ထွန်းနှင့် ကိုအောင်မင်းသိန်း တို့ကိုလည်း စစ်ဆေးမေးမြန်းရင်း ရိုက်နှက်ခဲ့သည့်အပြင် ကျွန်းသာယာကျေးရွာတွင် အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်များ ရှိမရှိ စစ်ဆေးမေးမြန်းခဲ့ကြောင်း သိရသည်။

စစ်ကော်မရှင်တပ်၏ ရိုက်နှက်နှိပ်စက်မှုကြောင့် လှေပိုင်ရှင် ဦးကြာထွန်းသာမှာ ဒဏ်ရာပြင်းထန်သဖြင့် ထိုင်ရထရ ခက်ခဲကာ အိပ်ရာထဲတွင် လဲလျောင်းနေရပြီး၊ ကိုဇော်ဇော်ထွန်းနှင့် ညာဘက်ခြေထောက် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ကိုအောင်မင်းသိန်းတို့မှာလည်း ထိခိုက်ဒဏ်ရာများဖြင့် သွားလာနေရကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၈ ရက်နေ့ကလည်း ကျွန်းသာယာကျေးရွာမှ ငါးရှာထွက်သည့် ဒေသခံ ဦးမြင့်ထွန်းဝင်းဆိုသူကို စစ်ကော်မရှင်တပ်က ဖမ်းဆီးခဲ့ပြီး ယနေ့တိုင် သတင်းအစအန မသိရသေးကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ