AB News – အောက်တိုဘာ ၂၊ ၂၀၂၆
ရက္ခိုင်ပြည်၊ ကျောက်တော်မြို့ရှိ လူစည်ကားရာ အိန္ဒိယဈေးနှင့် ကစ္ဆပနဒီတံတားကို စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် အဆိုပါ စစ်ရာဇဝတ်မှုကို ဖုံးကွယ်ရန်နှင့် အများပြည်သူ အမြင်ဝေဝါးစေရန် စစ်တပ်ထောက်ခံသည့် လော်ဘီများက သတင်းအမှားများကို အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် စနစ်တကျ ဖြန့်ဝေလျက်ရှိသည်ကို TNISO က ထောက်ပြထားသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၈ ရက် နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့သည့် အဆိုပါ လေကြောင်းတိုက်ခိုက်မှုအပြီးတွင် စစ်တပ်လော်ဘီများသည် စစ်ရာဇဝတ်မှုကျူးလွန်မှုကို သေးငယ်သွားစေရန်နှင့် အကြောင်းပြချက်မှန်သလို ဖန်တီးရန်အတွက် အချက်အလက် ခဝါချခြင်း (Information Laundering) နည်းလမ်းများကို သုံးစွဲလာကြခြင်းဖြစ်သည်။
စစ်တပ်ထောက်ခံသူများသည် X (ယခင် Twitter) နှင့် တယ်လီဂရမ်ချန်နယ်များတွင် ၂၀၂၃ ခုနှစ် နှစ်အဆန်းပိုင်းက ရိုက်ကူးထားသည့် Google Earth ဂြိုလ်တုဓာတ်ပုံဟောင်းများကို အသုံးပြု၍ သတင်းအမှားများ ဖန်တီးခဲ့ကြသည်။
၎င်းတို့ဖြန့်ဝေသည့် ဂြိုလ်တုဓာတ်ပုံများပေါ်တွင် အရပ်သားများရှိသည့် အဆောက်အအုံများနှင့် ဈေးနေရာများကို AA ၏ လှေဆိပ်၊ လောင်စာဆီ သိုလှောင်ရာနေရာ၊ AA တပ်ဖွဲ့ဝင်များ နေထိုင်ရာတန်းလျား၊ ရုံးနှင့် အကောက်ခွန်နေရာ၊ DELPS ရုံး စသည်ဖြင့် စာတန်းများ (Labels) တလွဲတပ်ကာ စစ်ဘက်ဆိုင်ရာ ပစ်မှတ်များအဖြစ် ပုံဖော်ဝါဒဖြန့်ခဲ့ကြသည်။
သို့သော်လည်း လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်အပြီး AA က ထုတ်ပြန်သည့် ဒရုန်းရိုက်ကူးချက် မြေပြင်မြင်ကွင်းများနှင့် ယှဉ်ကြည့်ပါက စစ်တပ်လော်ဘီများ နာမည်တလွဲတပ်ထားသည့် နေရာများသည် လက်ရှိ ပကတိမြေပြင်အခြေအနေနှင့် လုံးဝကိုက်ညီမှုမရှိဘဲ လွဲမှားနေသည်ကို ခွဲခြားသိရှိနိုင်သည်။
ထို့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းခဲ့ရသည့် ဈေးနေရာကို “AA ၏ လောင်စာဆီသိုလှောင်ရုံ” ဟု ပုံဖော်ခဲ့ကြပြီး အရပ်သားများစွာရှိသည့် နေရာတွင် AA က လောင်စာဆီများ သိုလှောင်ထားသကဲ့သို့ ခိုင်လုံသည့် သက်သေမရှိသော သတင်းအမှားများကို ဖန်တီးခဲ့ကြသည်။
အလားတူ စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်များတွင်လည်း ဗုံးကြဲခံရအပြီး သွားရောက်ကူညီ ကယ်ဆယ်ရေးလုပ်ဆောင်နေသည့် အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်များ၏ ပုံများကို ထောက်ပြ၍ “AA တပ်ဖွဲ့ဝင်များရှိသည့် နေရာကို တိုက်ခိုက်ခြင်းဖြစ်သည်” ဟူသော Narrative (ဇာတ်ကြောင်း) ကို ပုံဖော်ရန် ကြိုးပမ်းခဲ့ကြသည်။
ကျောက်တော်မြို့နယ်ကို အာရက္ခတပ်တော် (AA) က ၂၀၂၄ ခုနှစ်ကတည်းက စစ်ကော်မရှင်တပ်ထံမှ အပြီးသတ် သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့ခြင်းဖြစ်သည်။
စစ်ကော်မရှင်သည် စစ်ရှုံးလာသည်နှင့်အမျှ စစ်ဘက်ပစ်မှတ် မဟုတ်သည့် အရပ်သားပြည်သူများ လှုပ်ရှားသွားလာရာ ဈေးများ၊ ဆေးရုံများနှင့် စာသင်ကျောင်းများကို လေကြောင်းမှ ပစ်မှတ်ထား တိုက်ခိုက်လေ့ရှိပြီး ဖြစ်စဉ်ဖြစ်ပွားပြီးတိုင်းတွင်လည်း လော်ဘီများကို အသုံးပြု၍ သတင်းအချက်အလက် လွဲမှားအောင် ပြုလုပ်လေ့ရှိသည်။
