AB News – စက်တင်ဘာ ၂၁၊ ၂၀၂၆
ရက္ခိုင်ပြည်၊ အဉ္ဇနပူရ၊ ဝီရဌာနီ နှင့် ဂွမြို့နယ်တို့ရှိ အပြစ်မဲ့ ပြည်သူများ နေထိုင်ရာ ကျေးရွာများကို အကြမ်းဖက် စစ်ကော်မရှင်တပ်က ယနေ့ စက်တင်ဘာ ၂၁ ရက်နေ့ တစ်ရက်တည်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ပြည်သူ ၁ ဦး သေဆုံးကာ ကျောင်းသား ၁ ဦး အပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
စစ်ကော်မရှင်တပ်သည် အဉ္ဇနပူရမြို့နယ် သစ်ပုတ်တောင်ကျေးရွာ၊ ဝီရဌာနီမြို့နယ် တောင်းဖူးကျေးရွာနှင့် ဂွမြို့နယ် ဆပ်သွားကျေးရွာ တို့ကို ယနေ့ စက်တင်ဘာ ၂၁ ရက်နေ့တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဝီရဌာနီမြို့နယ်၊ တောင်းဖူးကျေးရွာရှိ ဘုန်းကြီးကျောင်းနှင့် တောင်းဖူးဘုရားကြီးအနီးသို့ ဗုံးကျရောက် ပေါက်ကွဲခဲ့မှုကြောင့် အသက် (၃၄) နှစ်အရွယ် မဝင်းမြတ်အေး မှာ ဦးခေါင်းတွင် ပြင်းထန်ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး အသက် (၄၂) နှစ်အရွယ် ဒေါ်အေးခင်သိန်း မှာ ညာဘက်ပခုံးတွင် ကျည်စထိမှန် ဒဏ်ရာရရှိခဲ့သည်။
ထို့ပြင် ယနေ့ နံနက် ၁၁ နာရီခန့်တွင် ဂွမြို့နယ်၊ ဆပ်သွားကျေးရွာသို့ ပေါင် ၃၀၀ ဗုံးများ ကျရောက် ပေါက်ကွဲခဲ့မှုကြောင့် Grade-8 သင်ယူနေသည့် အသက် (၁၄) နှစ်အရွယ် ကျောင်းသား မောင်ဇွဲထက်အောင် နှင့် အသက် (၄၄) နှစ်အရွယ် ဦးနေအောင် တို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် နီးစပ်ရာ ဆေးရုံ/ဆေးခန်းသို့ အရေးပေါ် ပို့ဆောင်ထားရသည်။
အလားတူ ယနေ့ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် အဉ္ဇနပူရမြို့နယ်၊ သစ်ပုတ်တောင်ကျေးရွာ အလယ်ပိုင်းရှိ ဘုန်းကြီးကျောင်း အရှေ့ဘက် တောင်တန်းကြားသို့ ဗုံး ၁ လုံးနှင့် ရွာထိပ်တောင်ကြားသို့ ဗုံး ၁ လုံး စုစုပေါင်း ဗုံး ၂ လုံး လေကြောင်းမှ ကြဲချတိုက်ခိုက်ခဲ့သဖြင့် ကျေးရွာအတွင်းရှိ လူနေအိမ်အချို့မှာ ဗုံးစထိမှန်၍ အနည်းငယ် ပက်စက်ပျက်စီးခဲ့ရသည်။
စစ်ကော်မရှင်တပ်သည် စက်တင်ဘာ ၄ ရက်နေ့မှစ၍ ပုဏ္ဏားကျွန်းမြို့နယ်ကို ကြည်း၊ ရေ၊ လေ အင်အားသုံးကာ ထိုးစစ်ဆင်ခဲ့သော်လည်း တပ်လန်ကာ အရှုံးဖြင့် ပြန်ဆုတ်ခဲ့ရပြီး AA ၏ တန်ပြန်ထိုးစစ်ကြောင့် ကာကင်းစခန်း ၄ ခုကိုပါ အသိမ်းခံခဲ့ရသည်။
“စစ်ပွဲမှာ AA ကို ယှဉ်လို့မရတော့ စစ်မြေပြင်မှာ ရှုံးတာနဲ့ အပြစ်မရှိတဲ့ အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ လေယာဉ်နဲ့ လာကြဲတာပါ။ ရှေ့တန်းမှာ အထိနာလေလေ၊ ရွာတွေကို လေယာဉ်နဲ့ လာဗုံးကြဲပြီး ပြည်သူတွေကို ဒုက္ခပေးလေလေပဲ။ ဒါဟာ မြေပြင်မှာ သူတို့ စစ်ရှုံးနေတာကို အတိအလင်း ပြနေတာဖြစ်ပါတယ်” ဟု အဉ္ဇနပူရ ဒေသခံတစ်ဦးက AB News သို့ ပြောသည်။
မြေပြင်တွင် အကြီးအကျယ် အထိနာနေသည့် စစ်ကော်မရှင်တပ်သည် စစ်ရေးနှင့် မသက်ဆိုင်သော အရပ်သား ပြည်သူများကို ပစ်မှတ်ထား၍ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို ပိုမို အရှိန်မြှင့် ပြုလုပ်လာခြင်းဖြစ်ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်ကြသည်။
