သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြန်မာနိုင်ငံတွင် တော်လှန်ရေးတပ်ဖွဲ့များကို ဒရုန်းသင်တန်းပေးခဲ့သည့် အမေရိကန်နိုင်ငံသား အိန္ဒိယတွင် အာမခံရရှိ

AB News – စက်တင်ဘာ ၂၀၊ ၂၀၂၆

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှု၊ တော်လှန်ရေးတပ်ဖွဲ့များကို ဒရုန်းစစ်ဆင်ရေးဆိုင်ရာ သင်တန်းများ ပေးခဲ့မှု စွပ်စွဲချက်များဖြင့် ဖမ်းဆီးခံထားရသော အမေရိကန်နိုင်ငံသား မက်သယူး အာရွန် ဗန်ဒိုက် (Matthew Aaron VanDyke) အား နယူးဒေလီမြို့ရှိ အထူးအမျိုးသား စုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) တရားရုံးက စက်တင်ဘာ ၁၈ ရက်နေ့တွင် အာမခံ ခွင့်ပြုလိုက်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ ဥပဒေအရ ဗန်ဒိုက်၏ ရက်ပေါင်း ၁၈၀ ကြိုတင်ချုပ်နှောင်ထားသည့် ကာလမှာ စက်တင်ဘာ ၈ ရက်နေ့တွင် ပြည့်မြောက်ခဲ့သည်။

သို့သော် သတ်မှတ်ထားသည့် ဥပဒေကာလအတွင်း အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ (UAPA) ပုဒ်မများ ပါဝင်သည့် စွဲချက်တင်လွှာကို NIA ဘက်မှ အပြီးသတ် မတင်သွင်းနိုင်ခဲ့ပေ။

NIA ဘက်မှ နောက်ဆုံး တင်သွင်းခဲ့သော စွဲချက်တင်လွှာတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ (UAPA) ပုဒ်မများ ပါဝင်ခြင်းမရှိဘဲ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံခြားသားများဆိုင်ရာ ဥပဒေ (IFA) ပုဒ်မ (၂၁) နှင့် (၂၃) တို့ဖြင့်သာ စွဲဆိုထားသဖြင့် ဗန်ဒိုက်၏ ရှေ့နေများက Rouse Avenue ရှိ အထူး NIA တရားရုံးသို့ ပုံမှန်မဟုတ်သော အာမခံ (Default Bail) ရရှိရန် လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ဗန်ဒိုက်အား Rouse Avenue ရှိ NIA တရားရုံးက ကိုယ်ပိုင်ခံဝန်ငွေ ရူပီး ၁ သိန်းနှင့် အလားတူ ပမာဏရှိ အာမခံသူ ခံဝန်ငွေ ရူပီး ၁ သိန်းဖြင့် အာမခံ ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

တရားရုံး၏ မိန့်မှာချက်အရ ဗန်ဒိုက်သည် ပြန်လည်လွတ်မြောက်လာပြီးနောက် နယူးဒေလီမြို့၌သာ ဆက်လက်နေထိုင်ရမည်ဖြစ်ပြီး အမှုအတွက် စစ်ဆေးမေးမြန်းလိုသည့်အခါတိုင်း NIA ထံ လာရောက်ပူးပေါင်း စစ်ဆေးခံရမည် ဖြစ်သည်။

လက်ရှိတွင် NIA ဘက်မှ ဗန်ဒိုက်နှင့် ပတ်သက်သည့် UAPA ပုဒ်မများဆိုင်ရာ စုံစမ်းစစ်ဆေးမှုများကို ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ပြီး ပိုမိုကျယ်ပြန့်သော အကြမ်းဖက်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးကို ရုပ်သိမ်းလိုက်ခြင်း သို့မဟုတ် ပိတ်သိမ်းလိုက်ခြင်း မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

အဆိုပါ အမေရိကန်နိုင်ငံသား ဗန်ဒိုက်နှင့် ယူကရိန်းနိုင်ငံသား ၆ ဦးတို့ကို တရားမဝင် နယ်စပ်ဖြတ်ကျော်မှု၊ တော်လှန်ရေးတပ်ဖွဲ့များအား ဒရုန်းစစ်ဆင်ရေးဆိုင်ရာ သင်တန်းပေးမှု၊ ဥရောပမှ ဒရုန်းများ သယ်ဆောင်မှုနှင့် အိန္ဒိယ အမျိုးသားလုံခြုံရေးကို ထိခိုက်စေမှု စသည့် စွပ်စွဲချက်များဖြင့် ​ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

Ref- India Today, WION

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ