AB News – စက်တင်ဘာ ၂၊ ၂၀၂၆
ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ပြီး ၂ လကျော်ကြာ ထွက်ပြေးလွတ်မြောက်နေသည့် တရားခံအား တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (DLEPS) က ဖမ်းဆီးရမိခဲ့ပြီး မြောက်ဦးခရိုင် တရားရုံးသို့ တရားစွဲဆို တင်ပို့လိုက်ပြီဖြစ်ကြောင်း အာရက္ခမှုခင်းနှင့် ဆက်စပ်သတင်းများ ထုတ်ပြန်ရေးအဖွဲ့၏ ယနေ့ စက်တင်ဘာ ၂ ရက် ထုတ်ပြန်ချက်အရ သိရသည်။
အမှုမှာ ၂၀၂၆ ခုနှစ် ဧပြီ ၇ ရက်တွင် ကျောက်တော်မြို့နယ်၊ ရမ်းချောင်းတောအတွင်းရှိ ဥယျာဉ်ခြံ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ကျောက်တလုံးကျေးရွာမှ နစ်နာသူ မိသားစုသည် ဇီးချောင်းဆည် မြောက်ဘက်တွင်ရှိသော သိန်းတန်ကျေးရွာနေ ဦးမောင်အေးလှ (၅၅ နှစ်) ပိုင်ဆိုင်သည့် ဥယျာဉ်ခြံ၌ တစ်နှစ်စာ လုပ်ခ ၁၈ သိန်းကျပ်ဖြင့် ခြံစောင့်၊ နွားကျောင်း၊ အညှင်းခင်းစောင့်အဖြစ် မိသားစုလိုက် သွားရောက် လုပ်ကိုင်ခဲ့ကြသည်။
ဧပြီ ၅ ရက်တွင် ခြံတဲ၌ မီးမရှိသဖြင့် ခြံပိုင်ရှင်ထံမှ ဆိုလာပြားတောင်းခံစဥ် ဆိုလာပြားသွားယူရန် ခြံပိုင်ရှင် ဦးမောင်အေးလှနှင့်အတူ အသက် ၁၄ နှစ်အရွယ် သမီးဖြစ်သူကို ထည့်ပေးလိုက်ခြင်းဖြစ်သည်။
တဲသို့အပြန်လမ်းတွင် ဧပြီ ၆ ရက် မွန်းလွဲပိုင်းတွင် ဇီးချောင်းဆည်မှ ရမ်းချောင်းတောအတွင်းသို့ တောလမ်းအတိုင်း ပြန်လာကြစဉ် ညနေ ၅ နာရီခန့်၌ မှောင်လာသည့်အတွက် မြောင်တစ်ခုတွင် ယာယီတဲထိုး၍ အိပ်စက်ခဲ့ကြသည်။
ယင်းည ၇ နာရီခန့်တွင် ဦးမောင်အေးလှက တဲအတွင်း လဲလျောင်းနေသည့် မိန်းကလေး၏ ခန္ဓာကိုယ်အား လာရောက်စမ်းသဖြင့် ကြောက်လန့်ကာ မီးဖိုဘေး၌ သွားရောက်ထိုင်နေခဲ့သည်။
ထို့နောက် ဦးမောင်အေးလှက အိပ်ရာသို့ အတင်းဆွဲခေါ်ခြင်း၊ အင်အားသုံး၍ တဲအတွင်းသို့ ဆွဲသွင်းခြင်းများ ပြုလုပ်ခဲ့ပြီးနောက် ၎င်းအား ဆေးလိပ်ယူခိုင်းသည့်အချိန်တွင် အတင်းတိုးလှဲ၍ မဖွယ်မရာပြုလုပ်ခဲ့သည်။
ထို့ပြင် နစ်နာသူ မိန်းကလေး ကြောက်လန့်၍ ဝမ်းနည်းစွာ လဲလျောင်းနေစဉ် နောက်ကျောဘက်မှ သိုင်းဖက်ကာ ဓမ္မတာနှင့် ဆန့်ကျင်၍ (…) မဖွယ်မရာ ပြုလုပ်ခဲ့သည်။
ထို့ပြင် သင်္ကြန်အလွန် မွန်းလွဲပိုင်းတစ်ရက်တွင်လည်း ဦးမောင်အေးလှသည် နစ်နာသူ၏ အသက် ၈ နှစ်အရွယ် ညီမဖြစ်သူအား ငွေ ၄,၀၀၀ ကျပ်နှင့် အချိုရည် ၁ ထုပ် ပေးမည်ဟု မက်လုံးပေးကာ (…) ပြုလုပ်ခိုင်းခဲ့သေးကြောင်း သိရသည်။
ယင်းဖြစ်စဉ်တစ်ခုလုံးကို သမီးဖြစ်သူက မိခင်ထံ ပြန်လည်ပြောပြခဲ့သဖြင့် မိခင်နှင့်အတူ နစ်နာသူကိုယ်တိုင် တရားလိုပြုလုပ်၍ မေ ၁၅ ရက်တွင် သက်ဆိုင်ရာ DLEPS စခန်း၌ တိုင်တန်းခဲ့ခြင်းဖြစ်သည်။
အဆိုပါတိုင်တန်းချက်အရ သက်ဆိုင်ရာ DLEPS စခန်းက အမှုအမှတ် (ပ) ၆/၂၀၂၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၆/၃၇၇ ဖြင့် အမှုဖွင့်လှစ်ခဲ့သည်။
အမှုဖွင့်ပြီးနောက် တရားခံ ဦးမောင်အေးလှသည် ထွက်ပြေးတိမ်းရှောင်နေခဲ့သဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက စုံစမ်းခဲ့ရာ ဇူလိုင် ၃၀ ရက် နံနက်စောစော ၂ နာရီခန့်တွင် သိန်းတန်ကျေးရွာရှိ ၎င်း၏ နေအိမ်၌ ရောက်ရှိနေကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်ဖမ်းဆီးခဲ့သည်။
စစ်ဆေးမေးမြန်းမှုများအရ တရားခံ မောင်အေးလှက ပြစ်မှုကျူးလွန်ကြောင်း မှန်ကန်စွာ ဝန်ခံထွက်ဆိုခဲ့ပြီး တရားရုံးတွင် ဖြောင့်ချက်ပေးခဲ့သည်။ DLEPS ဘက်မှ အခင်းဖြစ်ရပ် မှတ်တမ်းများ၊ သက်သေခံပစ္စည်းများ စနစ်တကျ သိမ်းဆည်းကာ ခရိုင်ဥပဒေရုံး၏ အကြံပြုချက်အတိုင်း ဩဂုတ် ၂၈ ရက်တွင် စွဲချက်အမှတ်ဖြင့် မြောက်ဦးခရိုင်တရားရုံးသို့ တရားစွဲဆို တင်ပို့ခဲ့ရာ တရားရုံးက ရာဇဝတ်ကြီးမှုအမှတ်ဖြင့် လက်ခံစစ်ဆေးလျက်ရှိသည်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ DLEPS ဌာနအနေဖြင့် ပြည်နယ်အတွင်း ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသည့် တရားခံပြေးများကိုလည်း အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပုံ – အာရက္ခမှုခင်းနန့် ဆက်စပ်သတင်းထုတ်ပြန်ရေး
