AB News – ဩဂုတ် ၂၉၊ ၂၀၂၆
အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့သည် ရက္ခိုင်ပြည်တစ်နေရာ၌ ပြီးခဲ့သည့် ဩဂုတ်လ ၂၇ ရက်နေ့၊ မွန်းလွဲ ၁ နာရီတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ နှစ်ဘက်အဖွဲ့အစည်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) ဥက္ကဋ္ဌက စစ်ကော်မရှင်လက်ထက်တွင် ဒေသတွင်း တိုင်းရင်းသားများ၏ စာပေနှင့် ရိုးရာယဉ်ကျေးမှုများ ဖော်ထုတ်ခွင့် မရရှိခဲ့သော်လည်း ယခု အာရက္ခပြည် တော်လှန်ရေးအစိုးရလက်ထက်တွင် သမိုင်းကြောင်းများကို ပြန်လည်ဖော်ထုတ်ခွင့် ရရှိလာပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် အာရက္ခပြည်အတွင်း မှီတင်းနေထိုင်ကြသည့် ခမီ၊ မြို၊ သက်၊ ဒိုင်းနက်၊ မရမာကြီး၊ ကမန် စသည့် ညီအစ်ကို တိုင်းရင်းသားများ၏ စာပေ၊ ယဉ်ကျေးမှု၊ ဂီတ၊ အနုပညာနှင့် သမိုင်းကြောင်းများကို အသင်းမှ ထုတ်ဝေနေသည့် “အာရက္ခသွီးချင်းဂျာနယ်” တွင် ထည့်သွင်းဖော်ပြလိုကြောင်း ဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာသူများသည် အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့အကြား ရှေ့ဆက် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး တွေ့ဆုံပွဲကို မွန်းလွဲ ၃ နာရီခွဲတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
Photo – APM
