AB News – ဩဂုတ် ၂၁၊ ၂၀၂၆
ရက္ခိုင်ပြည်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၊ ညောင်ချောင်းကျေးရွာကို ယနေ့ ဩဂုတ်လ (၂၁) ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ဘေးရှောင်များအပါအဝင် ဒေသခံပြည်သူ (၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယနေ့ နံနက် (၅) နာရီအချိန်ခန့်တွင် ဧရာဝတီတိုင်းဘက်မှ လာရောက်စစ်ဘေးရှောင်နေသူများ နေထိုင်ရာ ညောင်ချောင်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က) ခြံဝန်းအတွင်းကို စစ်ကော်မရှင် လေတပ်က ပေါင် (၅၀၀) ဗုံး (၁) လုံး ပထမအကြိမ် လာရောက်ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဧရာဝတီတိုင်းဘက်မှ လာရောက်စစ်ဘေးတိမ်းရှောင်နေသော အသက် (၅၈) နှစ်အရွယ် ဒေါ်မေသန်းဝင်းမှာ ခြေသလုံး၌ ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပြီး အသက် (၇၃) နှစ်အရွယ် ကိုမြင့်၏ လက်မောင်းနှင့် နားထင်တို့၌လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် မိနစ်ပိုင်းအကြာတွင် စစ်ကော်မရှင် လေတပ်မှ ဒုတိယအကြိမ် ပေါင် (၅၀၀) ဗုံး (၁) လုံး ထပ်မံကြဲချတိုက်ခိုက်ခဲ့သောကြောင့် ညောင်ချောင်းကျေးရွာ ဆေးခန်းအနီးသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် အသက် (၈၃) နှစ်အရွယ် ဒေသခံပြည်သူ ဦးကြည်ရွှေ၏ ဘယ်ဘက်ခြေခုံတွင် ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ညောင်ချောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှာ လုံးဝထိခိုက်ပျက်စီးခဲ့ရသည်။
လက်ရှိမှာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သော စစ်ဘေးရှောင်နှင့် ဒေသခံပြည်သူများကို အရေးပေါ်ဆေးကုသမှုခံယူရန်အတွက် နီးစပ်ရာဆေးရုံသို့ အမြန်ဆုံးပို့ဆောင်ပေးထားကြောင်း သိရသည်။
ပုံစာ – ယနေ့၊ နံနက် ၅ နာရီအချိန်ခန့်က ဂွမြို့နယ်၊ ညောင်ချောင်းကျေးရွာကို စစ်ကော်မရှင်တပ်မှ လေကြောင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသွားသူများနှင့် ပျက်စီးမှုများအားတွေ့ရစဥ် (Photo – AB News)
