AB New – သြဂုတ် ၂၁၊ ၂၀၂၆
ရက္ခိုင်ပြည်၊ မြောက်ဦးမြို့၊ ပြင်စျေးရပ်ကွက်မှ အာရက္ခတပ်တော်ထံ မိမိဆန္ဒဖြင့် စစ်မှုထမ်းရန်ရောက်ရှိလာသော လူငယ်တစ်ဦးအား ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ အာရက္ခတပ်တော် (ULA/AA) မှ သြဂုတ်လ ၁၉ ရက်နေ့တွင် မိဘများထံပြန်လည်အပ်နှံခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် သြဂုတ်လ ၁၄ ရက်နေ့တွင် အဆိုပါလူငယ်သည် မိဘများထံအသိမပေးဘဲ အာရက္ခတပ်တော်ထံသို့ စစ်မှုထမ်းရန်ရောက်ရှိလာခဲ့သောကြောင့် တာဝန်ရှိသူများက ယာယီလက်ခံထိန်းသိမ်းပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါလူငယ်မှာ မြောက်ဦးမြို့၊ ပြင်စျေးရပ်ကွက်မှ အဖ ဦးအောင်လှဇံ၏ သားဖြစ်သူ အသက် ၁၆ နှစ်အရွယ် မောင်နေလင်းအောင် ဖြစ်ကြောင်းသိရသည်။
ထို့နောက် အာရက္ခတပ်တော်၏ တာဝန်ရှိသူများက အဆိုပါလူငယ်အား အသက်နှင့် အခြေအနေများကိုစစ်ဆေးခဲ့ရာ အသက်မပြည့်ကြောင်းသိရှိရသဖြင့် မိဘထံပြန်လည်အပ်နှံခဲ့ခြင်းဖြစ်သည်။
အဆိုပါမိသားစုထံသို့အပ်နှံရတွင်လည်း အာရက္ခတပ်တော်အနေဖြင့် အသက်မပြည့်သောလူငယ်များ၊ ကျောင်းသားများနှင့် ကျန်းမာရေးမကောင်းသူများကိုလည်း စစ်မှုထမ်းရန် လက်မခံကြောင်း မြောက်ဦးမြို့နယ် ပါတီမှုမှ ရှင်းပြပြောကြားခဲ့ကြောင်း သိရသည်။
ထို့အတူ ပြီးခဲ့သည့် သြဂုတ်လ ၁၈ ရက်နေ့တွင်လည်း ပုဏ္ဏားကျွန်းမြို့နယ် ၊ကြံခြင်းကျွေးရွာမှ စစ်မှုထမ်းရန်လာရောက်ခဲ့သည့် အသက်မပြည့်သည့် လူငယ် ၃ ဦးကို အာရက္ခတပ်တော် AA မှ မိဘများထံ ပြန်လည်အပ်နှံခဲ့သည်။
လက်ရှိတွင် အာရက္ခတပ်တော် (AA) က အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက် ( NDEP) အရ စစ်မှုးထမ်းခေါ်ယူရာတွင်လည်း အသက်အရွယ်မပြည့်သူများ၊ ကျောင်းသားများနှင့် ကျန်းမာရေးမကောင်းသူများကိုလည်း လိုအပ်သည့်စစ်ဆေးမှုများကိုသေချာလုပ်ဆောင်ပြီးမှ ခေါ်ယူလျက်ရှိကြောင်း သိရသည်။
Photo – APM
